ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး စေ့စပ်ညှိနှိုင်းရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဆိပ်ဖြူ    စက်တင်ဘာ   ၂၁

ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်း ပနိုင်ရေးအတွက် စေ့စပ်ညှိနှိုင်း ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ (ငွေသဲဖြူ)ခန်းမ၌ ကျင်းပပြု လုပ်သည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဉာဏ်အောင်က အမှာစကား ပြောကြားပြီး မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဌေးလွင်က ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် စေ့စပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်နှင့် ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အဆင့်ဆင့် ဖွဲ့စည်းထားမှုအခြေအနေများ၊ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် နိုင်ငံရေးပါတီ ၅ပါတီက၅ဦး၊ အများယုံကြည်လေးစားခြင်း ခံရ သောပုဂ္ဂိုလ် သြဇာတိက္ကမရှိသူ (၅)ဦးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်၁၆ဦး စုစုပေါင်း ၂၆ဦး တို့က လုပ်ငန်းတာဝန်များနှင့်ပတ်သက်သည်များ၊ နားမလည်ကြသည်များကို မေးမြန်းကြရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက ပြန်လည်ဖြေကြားပေးခဲ့ပြီး အထွေထွေရွေးကောက်ပွဲ အောင် မြင်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သိရ သည်။

ကိုမျိုး (ယောဧရာ)