ဒိုက်ဦး ဒီဇင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဖောင်တော်သီကျေးရွာအုပ်စု၊ ဖောင်တော်သီကျေးရွာတိုက်နယ်ဆေးရုံ ပြင်ပလူနာဌာနဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မနက်ပိုင်းအချိန် ၁၀ နာရီက ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားအား ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီပြုလုပ်ရာ ဖောင်တော်သီကျေးရွာ ရတနာပုံကျော်ကျောင်းတိုက်ကြီးမှ ဆရာတော်ဦးဉာဏ်တောက ငါးပါးသီလပေးပြီးနောက် ဆရာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဆိုခြင်း၊ ကမ္မဝါများရွတ်ဖတ်ခြင်းဖြင့်အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီးဒေါက်တာဒေါ်မိုးမိုးအေးနှင့်ဝန်ထမ်းများ၊ တိုက်နယ်ဆရာဝန်ကြီးဒေါက်တာနန်းဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ၊ ကျေးရွာသားများတက်ရောက်ခဲ့ကြသည်။
အဆိုပါတိုက်နယ်ဆေးရုံအား ၂၀၁၇-၂၀၁၈၊ ပြည်ထောင်စု Budget ငွေနှင့် ပြည်သူထည့်ဝင်ငွေစုစုပေါင်းကျပ်သိန်းပေါင်း ၉၈၀၀ ဖြင့်တည်ဆောက်ခဲ့သော ၂၅ ကုတင်ဆံ့တိုက်နယ်ဆေးရုံဖြစ်ကြောင်း၊ ပြင်ပလူနာများအားယနေ့မှစတင်၍ ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)