မင်းဘူး စက်တင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်သော မြို့နယ်ခန်းမဆောက်လုပ်နေမှုကို ယနေ့နံနက်ပိုင်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးကျော်စွမ်းရည်နှင့် ဦးကျော်ငွေ၊ ခရိုင်အုပ်ချုပ်ရေးမှူ ဦးစန်းဌေးနှင့် တာဝန်ရှိ သူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ခန်းမဆောက်လုပ်နေမှုနှင့်ပတ်သက်၍ “ခရိုင်/မြို့နယ်ဌာနဆိုင်ရာအဆင့်ပွဲတွေ ကျင်းပ ပြုလုပ်တဲ့အခါမှာ ခန်းမအခက်အခဲရှိပြီး ခရိုင်အားကစား ခန်းမကိုသာ အသုံးပြုနေရပါတယ်၊ ဒါကြောင့် မြို့ပြအင်္ဂါရပ်နဲ့အညီ မြို့နယ်ခန်းမရှိစေခြင်တာကြောင့် ယခုလိုခန်းမတည ်ဆောက် ရခြင်းဖြစ်ပါတယ်၊ မင်းဘူးမြို့ရဲ့ အထင်ကရ ဆရာတော် တစ်ပါးဖြစ်တဲ့ ဆရာတော် ဦးဩဘာသကို ဂုဏ်ပြုတဲ့အနေနဲ့ “ဦးဩဘာသ မြို့နယ်ခန်းမ” အဖြစ် အမည်ပေး သွားမှာ ဖြစ်ပါတယ်” ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက ရှင်းလင်းပြောကြားသည်။
အဆိုပါ မြို့နယ်ခန်းမကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၃၀၀၀ ဖြင့် အလျား ၁၄၂ ပေ၊ အနံ ၆၈ ပေ Steel Strucutre ဖြင့် တင်ဒါအောင်မြင်ခဲ့သည့် ရဲမာန် ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူဆောက်လုပ်နေပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီရေး နှင့် အချိန်မီတည်ဆောက်ပြီးစီးနိုင်ရေးကို စစ်ဆေးရေးအဖွဲ့ဝင်များက အနီးကပ်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မောင်မောင် (မင်းဘူး)