တောင်တွင်းကြီးမြို့နယ် မြို့မ အ.လ.က ကျောင်းတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကျင်းပ

တောင်တွင်းကြီး ဒီဇင်ဘာ  ၂

ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်စေရန်နှင့် လွတ်လပ်ရေး၏တန်ဖိုး၊ လွတ်လပ်ရေး၏ အနှစ်သာရကို လေ့လာသိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့်  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက တောင်တွင်းကြီးမြို့၊ မြို့မအခြေခံပညာအလယ်တန်းကျောင်းတွင်  ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ မြို့မအခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေထွန်းက  လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ အကြောင်း၊ မြန်မာ့လွတ်လပ်ရေးကာလတလျောက် ချုပ်ဆိုခဲ့သောစာချုပ်များအကြောင်း၊ လွတ်လပ်ရေး၏ အနှစ်သာရနှင့် တန်ဖိုးရှိပုံ၊ အနာဂတ်လူငယ်များအနေဖြင့် လွတ်လပ်ရေးကို ထာဝစဉ်ထိန်းသိမ်းစောင့်ရှောက်ရမည့်တာဝန်များ၊ လူငယ်ကဏ္ဍ အရေးကြီးပုံ၊ တန်ဖိုးရှိသောလူငယ်များဖြစ်စေရေး ဘက်ပေါင်းစုံမှ လေ့လာကြိုးစားရန်လိုပါကြောင်း ဟောပြောခဲ့ကာ ကျောင်းသား/ကျောင်းသူများအား ဟောပြောချက်များအပေါ် နားလည်သိရှိမှုများအား ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဝင် မှတ်တမ်းဓါတ်ပုံများနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ဆေးလိပ်နှင့်ကွမ်းစားသုံးခြင်း အန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ‌လေ့လာကြည့်ရှု့ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)