ပွင့်ဖြူမြို့နယ်၌ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာသိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

ပွင့်ဖြူ ဒီဇင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် မသန်စွမ်းသူများ အခွင့်‌အရေးဆိုင်ရာ သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန ( Community Centre)  ခန်းမ၌ ကျင်းပခဲ့သည်။

အသိပညာပေးဆွေးနွေးပွဲတွင် ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်း က မသန်စွမ်းသူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ပတ်သက်ပြီး  အများပြည်သူအသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲ ( Talk Show ) ကျင်းပပြုလုပ်ရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။

ထို့နောက် အသိပညာပေးဆွေးနွေးပွဲ (Talk Show) အား ကျင်းပပြုလုပ်ရာ ဦးဆောင်ပါဝင်ဆွေးနွေးသူ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်း က အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဖြစ်ပေါ်လာပုံ အကြောင်းသိကောင်းစရာများ၊ မသန်စွမ်းသူများ၏ တန်းတူအခွင့်အရေးရရှိရေးဆိုင်ရာလုပ်ငန်းများ၊ ပညာသင်ယူခွင့် အခွင့်အလမ်းနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ၊ မသန်စွမ်းသူများနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ ကုလသမဂ္ဂ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်းပါ ပြဌာန်းချက်များနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ ၊ မသန်စွမ်းသူများနှင့် ပတ်သက်ပြီး အကူအညီတောင်းခံလိုပါက ဆောင်ရွက်ရမည့် နည်းလမ်းများကို ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် အသေးစိတ် ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။

ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို ကောင်းစွာနားလည်သိရှိပြီး စာဖတ်သူဦးရေ ပိုမိုတိုးပွားလာစေရန် ရည်ရွယ်၍ မိတ်ဖက်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာပေချစ်မြတ်နိုးသူများ( Book Club ) အဖွဲ့တို့နှင့် ပူးပေါင်းပြီး လစဉ် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အစရှိသည့် အသိပညာပေးခေါင်းစဉ်များဖြင့် အသိပညာပေးဆွေးနွေးပွဲ( Talk Show )များကို စီစဉ်ကျင်းပ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)