ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ရွေ့လျားစာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများပြုလုပ်ဆောင်ရွက်

ကျောက်ကြီး ဒီဇင်ဘာ ၁

ကလေးငယ်များစာဖတ်စွမ်းရည် တိုးတက်မြင့်မားလာစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေနှင့်နီးစပ်ပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်ရုံးဦးစီးမှူးနှင့် ဌာနဝန်ထမ်းများက တောင်ငူတန်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျာင်းတွင် ရွေ့လျားစာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီအချိန်ခန့်က စတင်ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အဆိုပါကျောင်းအတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား တက်ကြွလှုပ်ရှားမှုဖြစ်စေရန် ကဗျာများရွတ်ဆို၍ ကိုယ်ကာယလေ့ကျင့်ခန်းများ ပြုလုပ်ပေးခဲ့ကြပြီး ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ''ဧရာမမုန်လာဥကြီး''ပုံပြင်ဖြင့် ပုံပြင်ပြောခြင်းအစီအစဉ်များပြုလုပ်ရာ ကျောင်းသားကျောင်းသူများက စိတ်ဝင်တစားနားထောင်ကြည့်ရှုကြပြီးနောက် ရွေ့လျားစာကြည့်တိုက် သုံးဘီးယာဉ်ပေါ်ရှိစာအုပ်များကို စိတ်ဝင်တစား ဖတ်ရှုခဲ့ကြသည်။

အဆိုပါ ကျောင်းရှိကလေးငယ်များ ရွေ့လျားစာကြည့်တိုက် ဝန်ဆောင်မှုရရှိခြင်းဖြင့် စာဖတ်စွမ်းရည်များ တိုးတက်မြင့်မားလာစေခြင်း၊ ဆရာဆရာမများက စာအုပ်များကို သင်ထောက်ကူပစ္စည်းအနေဖြင့် ပြန်လည်အသုံးချနိုင်ခြင်း၊ ကလေးငယ်များ၏ စာဖတ်ခြင်းအလေ့အထများ ပိုမိုမြှင့်တင်ပေးနိုင်ခြင်း၊ ပုံပြင်နားထောင်၍ ပြန်ပြောတတ်စေခြင်း၊ စာအုပ်များငှားရမ်းဖတ်ရှုလိုစိတ်များဖြစ်ပေါ်သည့် အလေ့အထကောင်းများ ဖြစ်စေနိုင်သည်ဟု ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ပြောကြားခဲ့ကြောင်းသိရသည်။

ကျောက်ကြီးမြို့နယ်၌ ရွေ့လျားစာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းကို မြို့နယ်ပညာရေးမှူးရုံးနှင့်ချိတ်ဆက်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့(Shanti Volunteer Association-SVA)၏ ပံ့ပိုးမှုဖြင့် ရွေ့လျားစာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများအား ပြုလုပ် သွားမည်ဖြစ်ပြီး မူလတန်းအဆင့် ကလေးငယ်များအား အဓိကထားဦးစားပေးကာ ရွေ့လျားစာကြည့်တိုက်ဝန်ဆောင်မှု သုံးဘီးယာဉ်ဖြင့် ဂျပန်နိုင်ငံမှ လှူဒါန်းသည့်စာအုပ်များ၊ ထိုင်းနိုင်ငံမှ ဝယ်ယူသည့် ကလေးရုပ်ပြစာအုပ်များ၊ ရန်ကုန်မှထုတ်ဝေသည့် ကလေးရုပ်ပြစာအုပ်များ၊ (Shanti Volunteer Association-SVA)မှ ထုတ်ဝေသည့် စာအုပ်များကို ငှားရမ်းဖတ်ရှုစေခြင်း၊ ရုပ်ပုံပါစာအုပ်ဖြင့် ပုံပြောခြင်း၊ ဘုတ်ပြားပြဇာတ်နှင့်စက္ကူပြဇာတ်တို့ဖြင့် ပုံပြင်ပြောခြင်းအစီအစဉ်များ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်