ပဲခူးမြို့၌ ကမ္ဘာ့အေအိုင်ဒီအက်စ်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ

ပဲခူး ဒီဇင်ဘာ ၁

ဒီဇင်ဘာလ ၁ ရက် ယနေ့တွင်ရောက်ရှိသည့် (World AIDS Day)ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ ကမ္ဘာ့အေအိုင်ဒီအက်စ်ရောဂါတိုက်ဖျက်ရေးနေ့  အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲကို ပဲခူးတိုင်း‌ဒေသကြီးကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့်ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး‌ ဒေါ်ယဉ်ယဉ်နုက ကမ္ဘာ့အေအိုင်ဒီအက်စ်‌ရောဂါတိုက်ဖျက်ရေးနေ့အသိပညာပေး Talk Show ဆွေးနွေးရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပဲခူးတိုင်းကြက်ခြေနီသူနာပြုတပ်ဖွဲ့အုပ်ချုပ်ရေးအဖွဲ့မှ ယာယီဒုတိယတိုင်းတပ်ဖွဲ့မှူး ဦးဟန်အောင်က HIV ဗိုင်းရပ်စ်ပိုးစတင်တွေ့ရှိပုံ၊ HIV ရောဂါမဖြစ်အောင် ရှောင်ရမည့်အချက်များ၊ သွေးမှတစ်ဆင့်ကူးစက်နိုင်သည့်အတွက် လူနာထံမှသွေးမထိစေရေးအတွက် ဂရုစိုက်ကာကွယ်ရန်၊ မိမိခင်ပွန်း/ ဇနီးအပေါ်သစ္စာရှိရန်၊ မူးယစ်ဆေးဝါးအား အကြောထဲထိုးသွင်းခြင်းမှ ရှောင်ရှားရန်စသည့် ခုခံအားကျဆင်းမှုကူးစက်ရောဂါ အေအိုင်ဒီအက်စ်ရောဂါနှင့်ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)