သာယာဝတီ ဒီဇင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းရှိ တစ်နိုင်တစ်ပိုင် ပြောင်းစိုက်တောင်သူများအနေဖြင့် ထွန်ယက်ခြင်းနှင့် ပိုးသတ်ဆေးများ ပက်ဖျန်းပေးရကုန်ကျ စရိတ်များသည့်အတွက် ဈေးကောင်းရရှိရန်မျှော်လင့် လျက်ရှိကြောင်း ဇွယ်ငူကျေးရွာရှိ တစ်နိုင်တစ်ပိုင် ပြောင်းစိုက် တောင်သူများထံမှ သိရသည်။
ကျွန်တော်တို့ ပြောင်းစိုက်တောင်သူတွေ အနေနဲ့တော့ ပြောင်းစစိုက်တော့မယ်ဆိုရင် ထွန်နှစ်ပြန်ယက်ရပါတယ်။ ပြီးမှ မြောင်းပြန် ဖော်ပေးပြီး မျိုးစေ့ထည့်ပေးရပါတယ်။ ပြောင်းမျိုးကိုတော့ မြို့မဈေးမှာဘဲ ဝယ်ယူတာပေါ့။ မျိုးစေ့ အထုပ်တွေကတော့ ဈေးအမျိုးမျိုးရှိတာပေါ့။ ပြောင်းကိုစစိုက်ပြီးပြီဆိုရင် (၃)လလောက်ဆို ရောင်းလို့ရပါပြီ။ ယမန်နှစ်ကတော့ သကြားပြောင်းဖူး တစ်ဖူးကို ငွေကျပ် (၁၀၀)ဘဲ ရတယ်။ ပြောင်းကတော့ သန်တဲ့အပင်မှ ၂ ဖူးလောက်ဘဲရတယ်။ မသန်တဲ့အပင်ဆို (၁)ဖူး ဘဲရတယ်။ ယခုနှစ်မှာတော့ ပိုးကျတဲ့အပြင် ရာသီဥတုကလည်း ဖောက်ပြန်မှုရှိတဲ့အတွက် ပြောင်းပင်တွေ ပျက်စီးတာလည်း ရှိတာပေါ့။ ရေပိုသွင်းရတာကြောင့် ဒီဇယ်စျေးမြင့်တက်မှုကြောင့် ကုန်ကျစရိတ်ကလည်း များတယ်လေ။ ဒါကြောင့် ယခုနှစ်မှာ ပြောင်းဖူးတွေ ယမန်နှစ်ကထက် ဈေးကောင်းရရှိဖို့ မျှော်လင့်နေပါတယ်။ ပြောင်းဖူးကိုတော့ ကျွန်တော်တို့ရွာနဲ့ မြို့မဈေးကြီးမှာ ရှိတဲ့ ကျွန်တော်တို့ ဖောက်သည်တွေဆီမှာ ပြန်သွင်းပါတယ်ဟု တစ်နိုင်တစ်ပိုင် ပြောင်းစိုက်တောင်သူက ပြောသည်။
သန့်ဇော်(သာယာဝတီ)