အိမ်မဲ ဒီဇင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပညာရေးဌာနမှ ကျင်းပသော မြို့နယ်အဆင့် ကာယ၊ ဉာဏ၊ စာရိတ္တနှင့် မိတ္တဗလ စသည့် ဘက်စုံဖွံဖြိုးတိုးတက်သော လူရည်ချွန်ရွေးချယ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ဆက်လက်ရွေးချယ် ဆောင်ရွက်နေကြောင်း သိရသည်။
“အိမ်မဲမြို့နယ်အနေနဲ့ ကာယ၊ ဉာဏ၊ စာရိတ္တနှင့် မိတ္တဗလစသည့် ဘက်စုံဖွံဖြိုးတိုးတက်သော လူရည်ချွန်ရွေးချယ်ပွဲကို နိုဝင်ဘာလ ၂၈ ရက်နေ့ကနေစတင်ပြီး ရေးဖြေအနေနဲ့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ နှုတ်မေးနှုန်ဖြေအနေနဲ့ အထွေထွေဗဟုသုတ၊ ထုံးဓလေ့၊ လူမှုရေး၊ ကာယာစွမ်းရည်အနေနဲ့ ကျား/မ မီတာ (၁၀၀)၊ မ မီတာ (၄၀၀)၊ ကျားမီတာ(၈၀၀) အပြေးပြိုင်ပွဲ၊ ရပ်လျက်စုံခုန်၊ လက်ထောက်တွန်းတင်၊ အိပ်ထမတင် ပြိုင်ပွဲများကို ကျင်းပပေးပြီး အဲဒီပြိုင်ပွဲ အားလုံးထဲကမှ အတန်း အလိုက်ကျား(၁) ဦး၊ မ (၁) ဦးစီ စုစုပေါင်း ကျား (၃) ဦး၊ မ (၃)ဦးကို မြို့နယ်အဆင့်ရွေးချယ်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင် အနေနဲ့ ကတော့ အိမ်မဲမြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ အဋ္ဌမတန်း (G-9) မှာဆိုရင် ကျား (၁၉) ဦး၊ မ(၂၀) ဦး၊ ဒသမတန်း(G-10)မှာဆိုရင် ကျား(၉)ဦး၊ မ (၁၀)ဦး၊ ဧကာဒသမတန်း (G-11)မှာဆိုရင် ကျား (၈) ဦး၊ မ(၁၀)ဦး စုစုပေါင်း ကျား(၃၆) ဦး၊ မ (၄၀)ဦး ဝင်ရောက်ဖြေဆိုတာ ဖြစ်ကြောင်း “ အိမ်မဲမြို့နယ် ဒုတိယမြို့နယ် ပညာရေးမှူး ဦးစိုးနိုင်ပြောကြားချက် အရသိရသည်။
အိမ်မဲမြို့နယ်ပညာရေးဌာနမှ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ပွဲတွင် ပြိုင်ပွဲဝင်(၇၆)ဦးမှ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တဗလနှင့် ပြည့်စုံသော (Grade-9,10,11)တို့မှ ကျား(၃)ဦး၊ မ (၃) ဦးရွေးချယ်ပြီး အဆိုပါရွေးချယ်ခံရသူများက ခရိုင်အဆင့် လူရည်ချွန်ပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ)