သရက် ဒီဇင်ဘာ ၁
မကွေးတိုင်းဒေသကြီး သရက်မြို့၌ လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန် နှုတ်မှုစွမ်းရည် တိုးတက်စေရန် လူငယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်များရင့်သန်လာစေရန်နှင့် ကိုယ့်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်နွဲ့နွဲ့ဆန်းက အဖွင့်အမှာစကား ပြောကြာပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက Moderator အဖြစ် ဆောင်ရွက်ပြီး Grade-10 နှင့် Grade-11 ကျောင်းသား/ကျောင်းသူ(၆)ဦးက ဆွေးနွေးခဲ့ရာ မကြယ်စင်ကြည် က လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့်ဆွေနွေးရာ ပညာရေးအပေါ် နားလည်လက်ခံထားရှိမှု ဘဝရပ်တည်ရေးအတွက် အသက်မွေးဝမ်းကျောင်း ပညာသင်ယူထားရှိရန် လိုအပ်မှုကို ဆွေနွေးခဲ့ပြီး မဆုရတနာကျော် က လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့် ဆွေးနွေးရာ ပညာရှာချိန်ပထမအရွယ်မှာ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးကောင်းမွန်အောင် မိမိစိတ်ဓါတ်ကိုပြုပြင်၍ ပန်းတိုင်ဆီသို့ရောက်ရှိအောင် လျှောက်လှမ်းကြရန် ဆွေးနွေးခဲ့သည်။
ဆက်လက်၍ မောင်ဘုဏ်းဆက်နိုင်က လူငယ်နှင့်ဘာသာရေးခေါင်းစဉ်ဖြင့် ဆွေးနွေးရာ လူအများကိုးကွယ်နေသည့် အဓိကဘာသာရေး(၄)ခု ကွဲပြားနေသော်လည်း လူငယ်များနှင့်သက်ဆိုင်သော တရားကတော့ လောကီကြီးပွားရေး လမ်းညွှန်တရားသာဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး မအေးန္တာကြည်က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ မိတ်ဆွေအပေါင်းအသင်းကို ရွေးချယ်ပေါင်းသင်းရန်နှင့် မိတ်ဆွေတို့ရဲ့ လိုက်နာရမည့်ဝတ္တရားများ ဆောင်ရန်/ရှောင်ရန်များကို ဆွေးနွေးခဲ့သည်။ ထို့နောက် မနိုနိုထက်က လူငယ်နှင့်ကြီးပွားရေးခေါင်းစဉ်ဖြင့် ဆွေးနွေးရာ လူငယ်တွေရည်မှန်းချက်ပန်းတိုင် ရောက်ရှိပြီး ဘဝပန်းတိုင်မပျောက်ဖို့ စတင်ရမည့်ခြေလှမ်းများ ခိုင်မာရန်ကြိုးစားရမည့်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး မောင်ဖြိုးအောင်ကျော်က လူငယ်နှင့်ခေါင်းဆောင်မှုကဏ္ဍခေါင်းစဉ်ဖြင့် ဆွေးနွေးရာ ယနေ့ခေတ် လူငယ်များအနေဖြင့် အလုပ်တစ်ခုရှိရုံ ဘာသာစကားတစ်ခု ကျွမ်းကျင်ရုံဖြင့် မလုံလောက်တော့ဘဲ ခေါင်းဆောင်မှုစွမ်းရည် လိုအပ်နေမည်ဖြစ်၍ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီး အောင်မြင်သူ တစ်ယောက်အဖြစ် ဖြစ်လာစေရန် ငယ်စဉ်ကတည်းက လေ့လာသင်ယူလေကျင့်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)