မြင်းမူမြို့နယ်တွင် ဈေးကွက်ဝင် (ပိုက်သီး) သခွားမွှေးပင်များ စိုက်ပျိုးခြင်းဖြင့် အမြတ်ငွေများ စွာရရှိ

မြင်းမူ စက်တင်ဘာလ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် အတွင်းရှိဒေသခံ ခြံစိုက်ပျိုးသီးနှံများ အနက် ယခုအခါ  (ပိုက်သီး) သခွားမွှေးပင်များစိုက်ပျိုး၍   အမြတ်အစွန်းများပိုမိုရရှိနိုင်ကြောင်း၊    မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာအနီး သခွားမွှေးစိုက်ပျိုးရေး ခြံပိုင်ရှင်ထံမှ သိရှိရသည်။

သခွားမွှေးပင် အမျိုးအစားမှာ (၄၃၄) နံပါတ်ဖြစ်ကြောင်း၊ ပိုက်သီးဟူ၍လည်း ခေါ်ကြောင်း၊ (၁) ဧကလျှင် အပင် (၈၀၀၀) စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး (၁) လအကြာတွင် အသီးများ စတင်သီးပါကြောင်းလည်းကောင်း အသီးများထဲမှ မိမိစိတ်တိုင်းကြ အသီး(၁)လုံးကိုချန်လှပ်၍ ကျန်ရှိအလုံးများကို (ပယ်လုံး)  ခူးပစ်ရကြောင်း၊ အပူဒါဏ်ကိုကြိုက်နှစ်သက်သည့်အပင်မျိုးဖြစ်၍  မိမိတို့ဒေသနှင့် ကိုက်ညီကြောင်း၊   အပင်သက် (၂) လအကြာတွင် ခူးယူရောင်းချနိုင်ပြီဖြစ် ကြောင်း၊ သခွားမွှေးပင် စိုက်ပျိုးနေသူ ခြံပိုင်ရှင် ဒေါ်ကြင်ကြင်စန်းထံမှ သိရှိရသည်။

သခွားမွှေး စိုက်ပျိုးရာတွင် (၁) ဧက ကုန်ကျစရိတ်မှာ ငွေကျပ် (၁၅) သိန်းခန့် ကုန်ကျပြီး   ယခုလက်ရှိ ဈေးကွက်အနေအထားအရ  သခွားမွှေး (၁) လုံးလျှင် ငွေကျပ် ၉၀၀ နှင့် ၁၀၀၀ အထိရှိခြင်းကြောင့် ပျှမ်းမျှ (၁) ဧက အောင်မြင်ဖြစ်ထွန်းပါက ငွေကျပ်(၇၂)သိန်းမှ သိန်း(၈၀) အထိ ရရှိနိုင်ကြောင်း သိရှိရပြီး ဝယ်လက်များမှ ခြံအထိ လိုက်လံဝယ်ယူလျက်ရှိကြကြောင်း သိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)