ရေတာရှည် ဒီဇင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ထယ်ရေးမလို မျိုးစေ့ချကိရိယာဖြင့် ပဲတီစိမ်း စိုက်ပျိုးခြင်း တောင်သူပညာပေး သရုပ်ပြပွဲကို ညောင်ပင်သာကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာ စံပြစိုက်ကွင်း၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မျိုးစေ့ချကိရိယာဖြင့် ပဲတီစိမ်း စိုက်ပျိုးခြင်း တောင်သူပညာပေး သရုပ်ပြပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်၍ လေ့လာကြည့်ရှုခဲ့ကြသည်။
မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းဖြင့် လုပ်သားရှားပါးမှုအား ဖြေရှင်းနိုင်သကဲ့သို့ မျိုးစေ့ချကိရိယာ၏ ဖွဲ့စည်းတည်ဆောက်ပုံအရ မျိုးစေ့အလေအလွင့် နည်းစေသည့်အတွက်၊ ဧကများများစိုက်ပျိုးသည့် တောင်သူများသည် စိုက်ပျိုးစရိတ် သွင်းအားစုအနေနှင့် မျိုးစေ့ကုန်ကျစရိတ်သက်သာပြီး အကျိုးအမြတ် ပိုမိုရရှိစေမှာဖြစ်ကြောင်း၊ အစိုဓါတ်မကွာမီ မျိုးစေ့ချကိရိယာ၏ အောက်မြေကြီးထဲသို့ ၂ လက်မနှင့် ၃ လက်မထိ နစ်ဝင်သွားသည့်အတွက် မျိုးစေ့များ လေလွင့်ဆုံးရှုံးမှုမရှိတော့ဘဲ မြေအောက်ရောက်သွားသည့် မျိုးစေ့တိုင်းသည် အပင်ပေါက်သွားသည့်အတွက် များစွာအကျိုးဖြစ်ထွန်းစေကြောင်း ရေတာရှည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။
ရေတာရှည်(ပြန်/ဆက်)