ပခုက္ကူ ဒီဇင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ အသက်သုံးနှစ်မှ ငါးနှစ်ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (ECCD) အခြေခံသင်တန်းကို ဒီဇင်ဘာလ ၁ ရက် နံနက် ၉ နာရီအချိန်က ဖွင့်လှစ်သည်။
သင်တန်းဖွင့်ပွဲတွင် ပခုက္ကူခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ကြွယ်ကြွယ်ဝင်းက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များ၊ သင်ကြားပို့ချပေးမည့် ဘာသာရပ်များ၊ သင်တန်းစည်းမျဉ်း/စည်းကမ်းချက်များအကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်းအလိုက် မိတ်ဆက်ကြသည်။
ယင်းနောက် ပခုက္ကူခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ကြွယ်ကြွယ်ဝင်း လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းမှ တာဝန်ခံကျောင်းအုပ် ဒေါ်နန္ဒာအောင်နှင့်ဆရာမများက သင်တန်းကို ဆက်လက်သင်ကြားပို့ချပေးကြသည်။
အဆိုပါ သင်တန်းကို ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်မှ ၂၁ ရက်နေ့အထိ သင်တန်းကာလသုံးပတ်ကြာ စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး ပခုက္ကူနှင့်ရေစကြိုမြို့နယ်တို့မှ လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ မူလတန်းကြိုကျောင်း(၂)ကျောင်း၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၁၈)ကျောင်းတို့မှ သင်တန်းသား၊သင်တန်းသူ(၂၁)ဦး တက်ရောက်ကြကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်းရှိ အသက်သုံးနှစ်မှငါးနှစ်အထိ ကလေးငယ်များအားလုံး ကာယ၊ ဉာဏ၊ စာရိတ္တ၊ စိတ်လှုပ်ရှားခံစားမှုနှင့် ပေါင်းသင်းဆက်ဆံရေးတို့ကို ဘက်စုံဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်၊ အသက်အရွယ်အလိုက် ဖွံ့ဖြိုးမှုအဆင့်နှင့်ကိုက်ညီသော ပြုစုစောင့်ရှောက်မှု များရရှိခြင်းဖြင့် ကလေးငယ်များ၏ ဘဝလုံခြုံမှုရရှိစေရန်၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေး လွှမ်းခြုံစေသောနည်းလမ်းကောင်းများကို မူလတန်းကြိုကျောင်းများမှတစ်ဆင့် ရပ်ရွာလူထုအတွင်း ထိရောက်စွာ ပျံ့နှံ့ရောက်ရှိစေရန်တို့အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
(၃၄၀)