ဝေါမြို့နယ် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ဆိုင်ကယ်ပြုပြင်နည်း (အခမဲ့) သင်တန်းဆင်းပွဲကျင်းပ

ဝေါ ဒီဇင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခဲ့သည့် ဆိုင်ကယ်ပြုပြင်နည်း သင်တန်းဆင်းပွဲကို ယမန်နေ့လယ် ၁ နာရီက အဗျားအလယ်စုကျေးရွာအုပ်စု၊ အထက်စုကျေးရွာ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းအိက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် သင်တန်းသားများအနေဖြင့် ယခုသင်ကြားပေးလိုက်သည့် ဆိုင်ကယ်ပြုပြင်နည်းအတက်ပညာများကို စဉ်ဆက်မပြက်ဆက်လက်လေ့လာပြီး၊ လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိအသုံးချကာ မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများတွင် တစ်ဖတ်တစ်လမ်းက ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

အဆိုပါ ဆိုင်ကယ်ပြုပြင်နည်းသင်တန်းတွင် အထက်စုကျေးရွာနှင့် အောက်စုကျေးရွာမှ သင်တန်းသား(၁၂)ဦးအား စာတွေ့၊ လက်တွေ့ဘာသာရပ်များဖြင့် နိုဝင်ဘာ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ အခမဲ့သင်ကြားပေးကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)