ကြို့ပင်ကောက်မြို့ မြို့မဈေးမီးဘေးလုံခြုံရေးသရုပ်ပြပွဲကျင်းပ

ကြို့ပင်ကောက်   ဒီဇင်ဘာ   ၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ မြို့မဈေးမီးဘေးလုံခြုံရေးသရုပ်ပြပွဲကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မြို့မစည်ပင်သာယာဈေးအတွင်း ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇင်မင်းဌေးနှင့်တာဝန်ရှိသူများက မြို့မဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသင့်တပ်ဆင်ထားသော မီးသတ်အင်ဂျင်စက်များရေပန့်များ၊ မီးသတ်ဆေးဘူးများ၊ ဈေးဆိုင်ခန်းများအတွင်း သွယ်တန်းအသုံးပြုနေသော လျှပ်စစ်မီးကြိုးများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြုပြင်ဆောင်ရွက်ရမည်များကို သက်ဆိုင်ရာဌာနဆိုင်ရာများအား မှာကြားခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များက ဈေးသူဈေးသားများနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများအား မီးဘေးအန္တရာယ်ကြုံတွေ့လာပါက မီးသတ်ဆေးဘူးဖြင့်မီးငြိမ်းသတ်နည်း၊ ရေဆိုဝတ်ဖြင့်အုတ်၍မီးငြိမ်းသတ်နည်း၊ ဂတ်(စ်)အိုးမီးငြိမ်းသတ်နည်းတို့ကို ဈေးသူဈေးသားများနှင့်အတူ လက်တွေ့သရုပ်ပြရှင်းလင်းပြီး ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

အဆိုပါသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇင်မင်းဌေးနှင့်အဖွဲ့ဝင်များ မီးသတ်ဦးစီးမှူး ဦးမင်းနိုင်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ ဖိတ်ကြားထားသောဌာနဆိုင်ရာအကြီးအကဲများ၊ ဈေးသူဈေးသားများတက်ရောက်ခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)