ကံမမြို့နယ် ကျောက်စောင်းကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ကံမ  ဒီဇင်ဘာ  ၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊  ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က  မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး  အရှိန်အဟုန်မပျက်  ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၂ နာရီက ကံမမြို့နယ် ကျောက်စောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌  ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲလင်းထွန်းနှင့် အဖွဲ့ဝင်(၂) ဦးခင်ဦးတို့က ဒေသဖွံ့ဖြိုးရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးတို့အား ပြောကြားခဲ့ပြီး ဌာနဆိုင်ရာများမှ မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက်ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးမှု အခြေအနေများအား ပြောကြားကြ​ပြီး  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှုးရုံးမှ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်း၊  ကျန်းမာရေးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်း၊ မီးသတ်ဦးစီးဌာနမှ  ကျောက်စောင်းကျေးရွာအတွင်း  တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေး အကြံပေးခြင်းများဆောင်ရွက်၍  ရွာဦးစေတီ၌  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)