နတ်မောက်မြို့နယ်တွင် မီးဖိုချောင်သုံး ခရမ်းသီးများအောင်မြင်ဖြစ်ထွန်း၍ စျေးကောင်းရရှိ

နတ်မောက် ဒီဇင်ဘာ ၁

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် န/လက်ခုပ်ပင်ကျေးရွာရှိ တောင်သူအချို့သည် ခရမ်းများကို စက်တင်ဘာလတွင် စတင်စိုက်ပျိုးကြရာ ယခုအခါ အသီးအပွင့်များ စတင်သီးပွင့်ပြီဖြစ်၍ အောင်မြင်ဖြစ်ထွန်းပြီး  စျေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ရွာရဲ့ စိုက်ပျိုးရေးတောင်သူများဟာ မိုးဦးကာလတွင် စိုက်ပျိုးကြသော သီးနှံများရိတ်သိမ်းပြီးချိန်မှစပြီးတော့ မိုးနှောင်းကာလ စိုက်ပျိုးရန်သီးနှံများအတွက် ထယ်ရေးပြုပြင်ခြင်း၊ စိုက်ပျိုးရေးဆိုင်များမှ မုံလာဥဖြူ၊ ပန်းဂေါ်ဖီ၊ ကန်စွန်း၊ နံနံ၊ မုံညင်၊ ဆလတ်ရွက်၊ တိုင်ထောင်ပဲ၊ ဖရုံ၊ ခရမ်း စသည့်တို့ကိုဝယ်ယူ၍ စိုက်ပျိုးကြပါတယ်၊ ခုစိုက်ပျိုးထားတာကတော့ ဆင်စွယ်မျိုးလို့ခေါ်တဲ့ ခရမ်းအရှည်သီးကို စိုက်ပျိုးထားတာပါ၊ ခရမ်းစိုက်ပျိုးတော့မယ်ဆိုရင် အရင်ဆုံးမျိုးစေ့ကို ပျိုးထောင်ရပါတယ်၊ ပျိုးပင် (၄၅)ရက်သားမှာ  တန်းကြား ပင်ကြား (၃)ထောင်ကွာထားပြီး စိုက်ပျိုးရပါတယ်၊ နှစ်လသားအရွယ်ရောက်ရင် အပွင့်နဲ့သီးကင်းစသီးပါတယ်၊ (၃)လောက်ဆိုရင်တော့ စျေးကွက်သို့ တင်ပို့ရောင်းချလို့ရပါပြီ၊ ခရမ်းသီးစျေးအနေကတော့ တစ်ပိဿာကို လက်ကားစျေးအနေနဲ့ (၁၅၀၀)ကျပ်ရောင်းရပြီး လက်လီစျေးကတော့ (၁၈၀၀)ရောင်းရပါတယ်၊ ခုလိုဆောင်းရာသီနှင်းကို မှီပြီးစိုက်ပျိုးထားတဲ့ ခရမ်းပင်များကို လာမယ့်မိုးဦးအထိထားလို့လည်းရပါတယ်၊  နွေရာသီရောက်ရင် ခုလက်ရှိကိုင်းများဖြတ်ပြီး ရေလောင်းပေးလိုက်ရင် အကိုင်းအခက် ပြန်လည်ထွက်ရှိပြီး အသီးခူးဆွတ်ရောင်းရတာပါ” ဟု ခရမ်းစိုက်ပျိုးသူ ကိုလှဌေးကပြောသည်။

မူမူစန်း