ဆိပ်ဖြူမြို့နယ် ချောင်းမကြီးကျေးရွာတွင် ပန်းမုံလာပျိုးပင် စိုက်ပျိုးသူများ မိသားစုဝင်ငွေရရှိ

ဆိပ်ဖြူ  စက်တင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် ချောင်းမကြီးကျေးရွာတွင် ပန်းမုံလာပျိုးပင် စိုက်ပျိုးသူများသည် မိမိစိုက်ခင်း စိုက်ပျိုးရန်အပြင် အခြားပန်းမုံလာ စိုက်ပျိုးသူများအတွက် ပန်းမုံလာပျိုးပင်များ ရောင်းချရသည့်အတွက် မိသားစု အပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။

ချောင်းမကြီးကျေးရွာမှ ဒေသခံပြည်သူများသည် ဆောင်းသီးနှံပန်းမုံလာကို ရှမ်းကုန်စည် အစားထိုးသီးနှံအဖြစ် အများဆုံး စိုက်ပျိုးကြပြီး ထိုသို့စိုက်ပျိုး ထုတ်လုပ်နိုင်ရန် မိမိနေအိမ်ခြံဝန်းအတွင်းနှင့် ဥယျာဉ်အတွင်းတို့တွင် ပျိုး‌ေပါင်စနစ်ဖြင့်လည်းကောင်း၊ အိတ်ထည့်စိုက်ပျိုးခြင်းဖြင့် လည်းကောင်းနှစ်စဉ် ဝါဆိုလမှ စတင်ကာ ပျိုးထောင် စိုက်ပျိုးကြပြီး ပျိုးပင် (၄၅) ရက်သားခန့်အရွယ် တော်သလင်းလအတွင်း စတင်စိုက်ပျိုးကြသည်။

ပန်းမုံလာ စိုက်ပျိုးသူများသည် လက်ရှိအချိန်တွင်  မိမိတို့စိုက်ခင်းများ မြေပြင်ပြီးစီး၍ စိုက်ပျိုးနေကြပြီး ပိုလျှံပျိုးပင ်များကို ရောင်းချနေရသည့်အတွက် မိသားစုအပိုဝင်ငွေအဖြစ် ပန်းမုံလာပျိုးတစ်ပင်လျှင် ၁၀ ကျပ်မှ ၁၅ ကျပ် ခန့် အထိ ဈေးရရှိကြသည်။

ဝါဆိုလမှစ၍ မိမိနေအိမ်ခြံဝန်းအတွင်း မိမိစိုက်ပျိုးရန်နှင့် ပြန်လည်ရောင်းချရန်  ပျိုး‌ပေါင်စနစ်ဖော်ပြီး ယခင်နှစ်က ကိုယ်တိုင်စိုက်ပျိုးထွက်ရှိသည့် ပန်းမုံလာ မျိုးစေ့များ ပြန်လည်ပျိုးထောင်ထားခြင်းဖြစ်ကြောင်း ၊ ပန်းမုံလာ မျိုးစေ့ နို့ဆီဗူးတစ်ဝက်ခန့် ပျိုးထောင်ခဲ့ပြီး ရရှိသော ပျိုးပင်များကို မိမိ စိုက်ခင်းအတွင်း စိုက်ပျိုးပြီး ပိုလျှံပျိုးပင်ရောင်းရငွေ ကျပ် တစ်သိန်းကျော် ရရှိပြီးဖြစ်သလို  ပန်းမုံလာပျိုး လာရောက်ဝယ်ယူသူများကိုလည်း ဆက်လက်ရောင်းချပေး နေကြောင်း နောက်နှစ်အတွက် ပန်းမုံလာပျိုးထုတ်လုပ်ရန်အတွက် လည်း နေအိမ်ခြံဝန်းအတွင်း ဆက်လက်စိုက်ပျိုး သွားမှာဖြစ်ပြီး  ပန်းမုံလာ တစ်ဧကလျှင် တစ်ပေခြား အတန်းလိုက်စနစ်ဖြင့် အပင်ရေ ၁၅၀၀၀ မှ ၂၀၀၀၀ပင် အထိ စိုက်ပျိုးကြကြောင်း ယခုစိုက်ပျိုးသော ပန်းမုံလာ များသည် နတ်တော်လနှင့် ပြာသိုလတို့တွင် လှိုင်လှိုင်ပေါ်ထွန်းပြီး ဒေသခံပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ကြောင်း၊ ထွက်ရှိလာ‌သော ပန်းမုံလာများကို ချောက်မြို့ နယ်နှင့် ဆိပ်ဖြူမြို့ ဈေးများတွင် ရောင်းချရကြောင်း ပန်းမုံလာ စိုက်ပျိုးသူ တစ်ဦးထံမှ သိရှိရသည်။  

 ကိုဇွဲ(အညာမြေ)