တောင်ဝိုင်းမင်္ဂလာဈေး(ဈေးရုံ)ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ

ဘားအံ နိုဝင်ဘာ ၃၀

ကရင်ပြည်နယ်၊ ဘားအံမြို့၊ တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်း၊ တောင်ဝိုင်းမင်္ဂလာဈေး (ဈေးရုံ)ပန္နက် တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီခန့်က အဆိုပါ ဈေးရုံတည်ဆောက် မည့်မြေနေရာ၌ ကျင်းပခဲ့သည်။

ဦးစွာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် တောင်ဝိုင်းမင်္ဂလာဈေးကို တာဝန်ယူတည်ဆောက်မည့် UYM Family Co.,Ltd မှ တာဝန်ခံအင်ဂျင်နီယာဦးမျိုးမင်းဇော်က ဈေးရုံတည်ဆောက် မည့်အစီအမံများအား ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်စည်ပင်သာ ယာရေးအဖွဲ့ညွှန်ကြားရေးမှူးသူရမြင့်သူတို့က သတ်မှတ်နေရာအသီးသီးတွင် မင်္ဂလာပန္နက်တိုင်များအား (၉)ကြိမ်စီ ရိုက်သွင်းခဲ့ကြပြီး အမွှေးနံ့သာ ရည်များပက်ဖျန်းပေးကာ တက်ရောက်လာသူများနှင့်အတူ အမှတ်တရစုပေါင်း မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

ဘားအံမြို့၊ တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်း၊ တောင်ဝိုင်းမင်္ဂလာဈေး(ဈေးရုံ)ကို ခွင့်ပြုရန်ပုံ ငွေကျပ် ၁၁၉ ဒသမ ၀၀၂ သန်းဖြင့် အလျား ၉၂ ပေ၊ အနံ ၅၂ ပေ၊ အမြင့် ၂၈ ပေ ၆ လက်မရှိ ဆိုင်ခန်း ပေါင်း ၇၂ ခန်းပါဝင်သော Steel structure အမျိုးအစား စျေးရုံတစ်ရုံ၊ အများသုံးသန့်စင်ခန်းနှစ်လုံး၊ Pumphouse၊ အဝီစိတွင်းတစ်တွင်း၊ ဂါလန်၁၀၀၀ဆံ့ ရေကန်တစ်လုံးတို့ပါဝင်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာ စီမံကိန်း(၉၂၈ ဒသမ ၉၃ ဧက) အတွင်း မြို့ကွက်ဖော်ဆောင်ထားမှု၊ တစ်ကြောင်းထိုးမြေသားလမ်းနှင့်ရေမြောင်း တူးဖော်ဆောင်ရွက်ထားမှု အခြေအနေများကို လှည့် လည်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံနှုန်းများနှင့်အညီ အမြန်ဆုံးပြီးစီးနိုင်ရေး လမ်းညွှန်မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာအုပ်စု၊ ရသဝေါ်အင်းနှင့် ပါရမီလူကူးတံတားတို့အား အများပြည်သူ လမ်းလျှောက်အားကစားကျန်းမာရေး လေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်သော၊ အနားယူအပန်းဖြေနိုင်သောနေရာတစ်ခုအဖြစ် ဖန်တီးဆောင်ရွက်နိုင်ရေးကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ပြည်နယ်ဦးစီး မှူးဦးသန်းဦးနှင့် တာဝန်ရှိသူများက အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ပဏာမမြေပြင် ကွင်းဆင်းတိုင်းတာ စစ်ဆေးတွေ့ရှိချက်များအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ လိုအပ်သည်များအား လမ်းညွှန်မှာကြားသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)