ပခုက္ကူ နိုဝင်ဘာ ၃၀
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ် (ပခုက္ကူ) ၏၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကွန်ပျူတာသိပ္ပံနှင့်နည်းပညာ(ပထမနှစ်)သင်တန်းကျောင်းသား၊ ကျောင်းသူ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယမန်နေ့နံနက် ၉နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခနန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ) တာဝန်ခံကျောင်းအုပ် ဒေါက်တာသိန်းသန်းသွင်က အဆင့်မြင့်တက္ကသိုလ် ပညာရပ်များကို စတင်သင်ယူလေ့လာတော့မည့် ကျောင်းသား၊ ကျောင်းသူ မောင်မယ်သစ်လွင်များအနေဖြင့် ဗလငါးတန် ကြွယ်ဝပြည့်စုံပြီး အနာဂတ်တိုင်းပြည်အတွက် အားကိုးယုံကြည်ရသည့် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်လာစေရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်သည့် ကျောင်းသား၊ ကျောင်းသူလူငယ်များ ဖြစ်လာစေရေးတို့အတွက် အစဉ်လေ့လာကြိုးစားသင်ယူကြရန် လိုအပ်ကြောင်းအမှာစကားပြောကြားပြီး သက်ဆိုင်ရာဘာသာရပ်ဌာနမှူးများက သင်ကြားပေးမည့်ဘာသာရပ်များအကြောင်းတို့ကို မိတ်ဆက်ရှင်းလင်းကြသည်။
ဆက်လက်၍ ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)မှ ကျောင်းသား၊ ကျောင်းသူ(စီနီယာ)များက တေးသီချင်းများ၊ အကအလှများဖြင့် သီဆိုကပြဖျော်ဖြေခြင်း၊ ကြိုဆိုမိတ်ဆက်စကားပြောကြားခြင်းနှင့် ပထမနှစ် ကျောင်းသား၊ ကျောင်းသူများမှ King နှင့် Queen တို့ကို ရွေးချယ်ကြကြောင်း သိရသည်။
ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် ကွန်ပျူတာသိပ္ပံနှင့်နည်းပညာ (ပထမနှစ်) သင်တန်းတက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူမောင်မယ်သစ်လွင် (၁၁၉)ဦးရှိကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)