နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးလုပ်ငန်းနှင့် MSME လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး မြိတ်မြို့တွင်ကျင်းပ

မြိတ်  နိုဝင်ဘာ  ၃၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးလုပ်ငန်းနှင့် MSME လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလှမ်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ယနေ့နံနက် (၁၀) နာရီက မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ကျွန်းရတနာအစည်းအဝေးခန်းမတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြသည်။

မြိတ်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသအတွက် အကျိုးရှိပြီးအမှန်တကယ်ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကို ဆွေးနွေးနိုင်ရန်နှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလယ်ယာနှင့် စက်မှုကဏ္ဍများတွင် အကောင်အထည်ဖော်ဆောင် ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ညှိနှိုင်းဆွေးနွေးနိုင်ရန်အတွက် အစည်းအဝေး ပြုလုပ်ခြင်းဖြစ် ကြောင်း သိရသည်။

အစည်းအဝေးတွင် မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က အမှာစကား ပြောကြားပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက်ဆွေးနွေးခဲ့ကြ၍ MSME စီးပွားရေး လုပ်ငန်းရှင်များက ကုန်ထုတ်လုပ်မှုအခြေအနေများနှင့် ကုန်ကြမ်းရရှိမှုအခြေအနေများကို ဆွေးနွေးပြောကြားခဲ့ကြသည်။ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လုပ်ငန်းပိုင်းဆိုင်ရာ လိုအပ်ချက်များ၊ MSME စီးပွားရေး လု်ပငန်းများ၏ အခက်အခဲများကို သက်ဆိုင်ရာသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ပြီး ကဏ္ဍအလိုက်လုပ်ငန်းများ အောင်မြင်တိုးတက်အောင် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက် )