အမှိုက်နှင့်စွန့်ပစ်ပစ္စည်းများ စနစ်တကျ ခွဲခြားစွန့်ပစ်နိုင်ရေး အမှိုက်ပုံး(၆၀၀)ပုံးနှင့် အမှိုက်အိမ်(၁၈)လုံးတို့ကို လွှဲပြောင်း ပေးအပ်

ဘားအံ နိုဝင်ဘာ ၃၀

ကရင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်/ကျေးရွာများတွင် အမှိုက်နှင့်စွန့်ပစ်ပစ္စည်းများအား စနှစ်တကျ ခွဲခြားစွန့်ပစ်နိုင်ရေးအတွက် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ အမှိုက်ပုံး(၆၀၀)ပုံးနှင့် အမှိုက်အိမ်(၁၈)လုံးတို့ကို တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

ကရင်ပြည်နယ်အတွင်း မြို့ရွာများ သန့်ရှင်းသာယာလှပလာစေရန် ရည်ရွယ်၍ ကရင်ပြည်နယ်ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းကော်မတီများမှ  လွှဲပြောင်းပေးအပ်ခြင်းဖြစ်ပြီး လွှဲပြောင်းလက်ခံပေးအပ်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဖွင့်အမှာစကား ပြောကြားကာ ပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်သူကျော်က အမှိုက်ပုံးနှင့်အမှိုက်အိမ်များ လွှဲပြောင်းပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အမှိုက်များ စနစ်တကျစွန့်ပစ်ခြင်း အသိပညာပြန့်ပွားလာစေရေး အမှိုက်ပုံး(၆၀၀)ပုံးအား ပြည်နယ်ပညာရေးမှူးရုံးသို့ လွှဲပြောင်းပေးအပ်ရာ ပြည်နယ်ပညာရေးမှူးကိုယ်စား ဒုတိယညွှန်ကြားရေးမှူးကလည်းကောင်း၊ ကျေးရွာများတွင် ပြန်လည်အသုံးပြုနိုင်သည့် ပလတ်စတစ်နှင့် စွန့်ပစ်ပစ္စည်းများ စွန့်ပစ်နိုင်ရန် အမှိုက်အိမ်(၉)လုံးအား စံပြကျေးရွာစီမံကိန်း Smart Village အတွက် ရွေးချယ်ထားသော မုက္ကဒိ၊ ထုံးအိုင်၊ နော်ဖားဒို ကျေးရွာများသို့ လွှဲပြောင်းပေးအပ်ရာ အုပ်ချုပ်ရေးမှူးများကိုယ်စား မုက္ကဒိကျေးရွာအုပ်ချုပ်ရေးမှူးကလည်းကောင်း၊ ပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းက ဘားအံမြို့ ဇွဲကပင်တောင်၊ ဘားမဲတောင်နှင့် ကမ်းနားလမ်းတို့တွင် ထားရှိနိုင်ရန် အမှိုက်အိမ်(၉)လုံးအား လွှဲပြောင်းပေးအပ်ရာ ပြည်နယ်စည်ပင်သာယာရေး အဖွဲ့ညွှန်ကြားရေးမှူး သူရမြင့်သူကလည်းကောင်း အသီးသီးလက်ခံရယူခဲ့ကြပြီး ကျေးဇူးတင်စကားများ ပြန်လည် ပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။        

စောမျိုးမင်းသိန်း(ပြန်/ဆက်)