မြန်မာနိုင်ငံတွင် အကြီးဆုံးအိုင်ဖြစ်သည့် အင်းတော်ကြီးအိုင်၌ ကမ္ဘာ့ရှားပါး ဆောင်းခိုငှက် မျိုးစိတ်များနှင့် ဒေသရေပျော်ငှက်မျိုးစိတ်များ အကောင်ရေစုစုပေါင်း နှစ်သောင်းနီးပါး ကျင်လည် ကျက်စားလျက်ရှိ

မိုးညှင်း နိုဝင်ဘာ ၃၀

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီးအိုင်သည် မြန်မာနိုင်ငံတွင် အကြီးဆုံး ကုန်းတွင်းရေချိုအိုင်ကြီးတစ်အိုင်ဖြစ်၍ ကမ္ဘာ့ရှားပါး ဆောင်းခိုငှက်မျိုးစိတ်များနှင့် ဒေသရေပျော် ငှက်မျိုးစိတ်များ အကောင်ရေ စုစုပေါင်း နှစ်သောင်းနီးပါး ကျင်လည်ကျက်စားလျက်ရှိကြောင်း သိရသည်။

အင်းတော်ကြီးအိုင်သည် နှစ်စဉ်ဆောင်းရာသီ ပွင့်လင်းရာသီသို့ ရောက်ရှိလာတိုင်း အနယ်နယ် အရပ်ရပ်မှ လာရောက်ကြသည့် ကမ္ဘာ့ရှားပါး ဆောင်းခိုငှက်မျိုးစိတ်များနှင့် ဒေသရေပျော်ငှက်မျိုးစိတ် များသည် ကျင်လည်ကျက်စားလျက်ရှိကြပြီး ၂၀၂၂ခုနှစ် နိုဝင်ဘာလအတွင်း စာရင်းကောက်ယူ ချက်အရ ရှားပါးဆောင်းခိုငှက်မျိုးစိတ် (၂၉)မျိုး၊ အကောင်ရေ (၁၁၇၅၉)ကောင်နှင့် ဒေသရေပျော် ငှက်မျိုးစိတ် (၂၀)မျိုး၊ အကောင်ရေ (၇၉၆၉)ကောင် စုစုပေါင်းအကောင်ရေ (၁၉၇၂၈)ကောင်ကို တာဝန်ရှိသူများက အဖွဲ့များခွဲ၍ စာရင်းကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။

ယခုနှစ် နိုဝင်ဘာလတွင်တွေ့ရှိရသည့် ဆောင်းခိုငှက်မျိုးစိတ်များနှင့် ဒေသရေပျော်ငှက် မျိုးစိတ်များသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ဆောင်းခိုငှက်မျိုးစိတ် (၁)မျိုးနှင့် အကောင်ရေ (၅၃၀၀)ကျော် လျော့နည်းလျက်ရှိကြောင်း၊ ဆောင်းခိုငှက်များ အများဆုံး ကျက်စားလေ့ရှိသည့် ငှက်စာရင်းကောက် လမ်းကြောင်းတစ်ခုဖြစ်သော အင်းတော်ချောင်းတစ်လျှောက်တွင် ရေမှော်နှင့် ဒိုက်များပိတ်နေသဖြင့် ချောင်းအဆုံးပိုင်းအထိ သွားရောက်နိုင်မှု မရှိခြင်းကြောင့် ငှက်မျိုးစိတ်များနှင့် အကောင်ရေများ လျော့နည်းသွားရခြင်းဖြစ်ကြောင်း သိရသည်။

အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ အများဆုံးတွေ့ရှိရတတ်သည့် ဆောင်းခို ရေပျော်ငှက် မျိုးစိတ်များမှာ ရေကြက်ဒုံ၊ ဘဲဖြူနက်၊ စင်ရော်ခေါင်းညို၊ စင်ရော်ခေါင်းမဲ၊ တောငန်း၊ ဘဲနီစပ်၊ ဘဲကျားလေး၊ ဘဲဟင်္သာ၊ ခရုစုပ်အနက်နှင့် ကြိုးကြာခေါင်းမဲ စသည်တို့တွေ့ရှိရပြီး ထူးခြားသည့် အနေဖြင့် ငှက်ကြီးဝန်ပိုသည် ဆောင်းခိုငှက်မဟုတ်ဘဲ မိုးရာသီတွင်လာရောက် ကျက်စားလေ့ရှိကြပြီး ဆောင်းရာသီတွင် ပြန်လည်ထွက်ခွာလေ့ရှိသည့် ဒေသပြောင်းရွှေ့ ရေပျော်ငှက်မျိုးစိတ်ဖြစ်ကာ ယခုလတွင် တစ်ကောင်မျှ မတွေ့ရှိရတော့ဘဲ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

အင်းတော်ကြီးအိုင်သည် မြန်မာနိုင်ငံ၏ အကြီးဆုံးရေချိုအိုင်ဖြစ်၍ အရှေ့တောင်အာရှတွင် တတိယအကြီးဆုံးအိုင်ဖြစ်ပြီး နို့တိုက်သတ္တဝါမျိုးစိတ် (၄၇)မျိုး၊ ကုန်နေရေနေနှင့် တွားသွားသတ္တဝါ မျိုးစိတ် (၉၁)မျိုး၊ ငါးမျိုးစိတ် (၉၄)မျိုး၊ ရေပျော်ငှက်မျိုးစိတ် (၁၀၅)မျိုးနှင့် သစ်တောငှက်မျိုးစိတ် (၄၀၀)တို့ နေထိုင်ကျက်စားလျက်ရှိကြောင်း သိရသည်။

အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ၂၀၂၂ခုနှစ် နိုဝင်ဘာလ၌ ဆောင်းခိုငှက်မျိုးစိတ် (၂၉)မျိုး၊ အကောင်ရေ (၁၁၇၅၉)ကောင်ကို တွေ့ရှိရပြီး ယခင် ၂၀၂၁ခုနှစ် နိုဝင်ဘာလတွင် ဆောင်းခိုငှက်မျိုးစိတ် (၃၀)၊ အကောင်ရေ (၁၇၁၁၈)ကောင်ကို တွေ့ရှိခဲ့ရကြောင်း အင်းတော်ကြီး ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

အင်းတော်ကြီးကန်နှင့် ပတ်ဝန်းကျင်ရှိ ကြိုးဝိုင်း(၅)ခုကို အင်းတော်ကြီး တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တောအဖြစ် ၂၀၁၄ခုနှစ်တွင် သတ်မှတ်ဖွဲ့စည်းခဲ့ပြီး နိုင်ငံတကာအသိအမှတ်ပြုအဖြစ် ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယာဉ်အဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် ရမ်ဆာရေဝပ် ဒေသအဖြစ်လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် လူသားနှင့်ဇီဝအဝန်း နယ်မြေအဖြစ်လည်းကောင်း သတ်မှတ်ခံခဲ့ရသော အင်းကြီးလည်းဖြစ်ကြောင်း သိရသည်။

ရွှေမိုးညှင်း