တောင်ငူ၌ ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန် လူနာဆောင်သစ်များ ကြိုတင်ပြင်ဆင်နိုင်ရေး ညှိနှိုင်းဆွေးနွေး

တောင်ငူ စက်တင်ဘာ ၂၁

တောင်ငူခရိုင်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ်များ ပေါ်ပေါက်လာပါက ထားရှိ ကုသနိုင်ရန် လူနာဆောင်များ ကြိုတင်ပြင်ဆင်ရေးနှင့် ကုသရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ညှိနှိုင်း ဆွေးနွေးခြင်းကို ခရိုင်ဆေးရုံအုပ်ကြီး အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်သည်။
တောင်ငူမြို့နယ်တွင် Facility Quarantine Centre များထားရှိ၍ ပြည်ပပြန်များ၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့မှ ပြန်လည် ဝင်ရောက် လာသူများအား စောင့်ကြပ်ကြည့်ရှုစစ်ဆေးမှုများ ဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းများနှင့် စပ်လျဥ်း၍ လည်းကောင်း၊ ကိုဗစ်-၁၉ အတည်ပြု လူနာများအတွက် ထားရှိရန် သီးသန့်လူနာဆောင် နေရာများ ကြိုတင်ပြင်ဆင်ရမည့် အချက်များနှင့် စပ်လျဉ်း၍ လည်းကောင်း ၊ ကုသရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းများအား ပိုမိုထိရောက် ဆောင်ရွက်နိုင်ရန်အတွက် တက်ရောက်လာကြသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်း၊ မြန်မာနိုင်ငံ ဆရာဝန်များ အသင်း(ဗဟို)အဖွဲ့ဝင် ဒေါက်တာခင်မောင်ချစ်၊ ဆေးရုံအုပ်ကြီး ဒေါက်တာ စောဘိုဇော်ဝင်း နှင့်ဆရာဝန်များ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာမီမီခင်၊ မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးမှူး ဒေါက်တာ အိအိမင်းနောင် ၊ မြို့မိ မြို့ဖ ဦးမြင့်ညိုနှင့် တာဝန်ရှိသူ များ  တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်းနှင့် ဇနီး ဒေါ်သက်ခိုင် (သင်္ကေတ ရုပ်ရှင်ထုတ်လုပ်ရေး) မိသားစုမှ ကုသရေးအတွက် လိုအပ်သည့် PPE ဝတ်စုံ(၆၀)စုံ ၊  KN95 (၂၀၀)ခု ၊ မျက်နှာအကာအကွယ်  ( ၃၆၀)ခု ၊  PPEခြေစွပ်(၆၀)စုံ၊ သာမိုမီတာ (၂)ခုအား ပေးအပ်လှူဒါန်းရာ ဒေါက်တာ စောဘိုဇော်ဝင်း၊  ဒေါက်တာခင်မောင်ချစ်နှင့် မြို့မိမြို့ဖ ဦးမြင့်ညို တို့ကလက်ခံရယူခဲ့ကြကြောင်း သိရသည်။ 
ဇော်ထက် (တောင်ငူ)