မြို့သစ်မြို့နယ်မှ မိရိုးဖလာအိုးလုပ်ငန်းလုပ်ကိုင်သူများ နည်းပါးလာ

မြို့သစ် နိုဝင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် မိရိုးဖလာအိုးလုပ်ငန်းလုပ်ကိုင်ရောင်းချသူ နည်းပါးလာကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် ယခင်ကအိုးလုပ်ငန်းလုပ် ကိုင်သူဦးရေ(၃၀)ကျော်ရှိခဲ့သော်လည်း ယခုအခါအိုးပြုလုပ်သည့် မြေကြီးအခက်အခဲ၊ ထင်းအခက်အခဲနှင့် လုပ်သားရှားပါးမှုများကြောင့် မိရိုးဖလာအိုးလုပ်ငန်းလုပ်ကိုင်သူများနည်းပါးလာကာ စိုက်ပျိုးရေးလုပ်ငန်များကို ပြောင်းလဲလုပ်ကိုင်သူများလာကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးထံမှ သိရသည်။  “ကျွန်တော်ကတော့အိုးလုပ်ငန်းလုပ်လာတာနှစ်(၂၀)ရှိပါပြီ အဓိကကျွန်တော်တို့အိုးလုပ်ရတာမြေကြီးပဲ။ အိုးလုပ်တဲ့မြေကြီးကလှည်းတစ်စီးစာကို (၄၅၀၀)(၅၀၀၀)ကျပ်ပေးရပါတယ်။ မြေကြီးအခက်အခဲရှိတယ်။ အိုးဖုတ်ရန်အတွက်ထင်း၊ ကောက်ရိုးအခက်အခဲနဲ့ လုပ်သားရှားပါးတဲ့ပြဿနာလည်းရှိတယ်။ နောက်ပြီးတော့လုပ်တဲ့နေရာမှာလည်း အဆင့်ဆင့်လုပ်ရတာဖြစ်တဲ့အတွက် အိုးလုပ်ငန်းလုပ်တဲ့သူနည်းပါးလာခြင်းဖြစ်တယ်"ဟု ၎င်းကဆက်လက်ပြောသည်။

မြို့သစ်မြို့နယ်တွင် ယခင်က အိုးလုပ်ငန်းကိုစီးပွားဖြစ်လုပ်ကိုင်ကြပြီး အိုးပြုလုပ်သည့် မြေကြီးအခက်အခဲ၊ အိုးဖုတ်ရန် ထင်း၊ ကောက်ရိုးအခက်အခဲ၊ လုပ်သားရှားပါးမှုနှင့် ဖောက်သည်စျေးပေးရာတွင် စျေးနှုန်းကွာဟမှုကြောင့် အိုးလုပ်ငန်းလုပ်ကိုင်သူများ တဖြည်းဖြည်းနည်းပါးကာ စိုက်ပျိုးရေးလုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင်သူများလာကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်ဆက်)