နတ်မောက်မြို့နယ်တွင် ကုလားပဲသီးနှံများ စိုက်ပျိုးပြီးစီး

နတ်မောက်  နိုဝင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ၂၀၂၂ ခုနှစ် စိုက်ပျိုးရာသီ ကုလားပဲသီးနှံများကို တောင်သူများက စိုက်ပျိုးခဲ့ရာ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ကုလားပဲသီးနှံစိုက်ပျိုးရာတွင် လယ်ယာမြေများ ဆည်ရေကျပြီးသွားသည့်မြေများ နှုံးဆန်သော မြေအမျိုးအစားများတွင် စိုက်ပျိုးကြခြင်းဖြစ်ပြီး အောက်တိုဘာ လကုန်ပိုင်းမှ စတင်စိုက်ပျိုးကြကြောင်း အောက်တိုဘာ(၂၉)ရက်နေ့ ညပိုင်းတွင် မိုးရွာသွန်းခဲ့၍ စိုက်ပျိုးပြီး ကုလားပဲသီးနှံ စိုက်ခင်းများကို မိုးရေဝင်လာသဖြင့် စိုက်ခင်းများမြေကြပ်သည့် အပင်ဖြစ်ထွန်းမှု ထိခိုက်နိုင်၍ နိုဝင်ဘာလ(၄) ရက်နောက်ပိုင်းတွင် နောက်တစ်ကြိမ် ထပ်မံစိုက်ပျိုးရသည့် တောင်သူများလည်း ရှိကြောင်း စျေးသာရွာမှ ကိုဖိုးတုတ်ကပြောသည်။

ကုလားပဲသီးနှံစိုက်ပျိုးရာတွင် မျိုးအဖြစ် ကုလားပဲအဖြူ၊ ရွှေဝါလုံးကြီး၊ ရွှေဝါလုံးသေးများအနက် နှစ်သက်ရာ မျိုးများကိုရွေးချယ်၍ အပင်ပေါက်နှုန်း ကောင်းမွန်ကြသဖြင့် ကုလားပဲသီးနှံဖြစ်ထွန်း အားကောင်းနိုင်ကြောင်း ယခုအချိန်အထိ နှင်းများမကျသေးသဖြင့် အချို့တောင်သူများက အရွက်ဖြန်း အားဆေးများ ပက်ဖြန်းလျက်ရှိကြောင်း ကိုကျော်မြင့်ကပြောသည်။

မူမူစန်း