သံတောင်ကြီး နိုဝင်ဘာ ၃၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူး သိရှိလာစေ ရန်နှင့် အသိပညာဗဟုသုတကြွယ်ဝလာစေရန် ရည်ရွယ်ပြီး Book Club အဖွဲ့ဝင်များက စာရေးဆရာကြည်လွင်မြင့် (မုဒြာ) ၏ စိတ်ပျော်အောင်နေ အသက်ရှည်နှင့် ကျန်းမာစွာ နေထိုင်နည်းများကို ယနေ့နံနက် (၉) နာရီက သံတောင်ကြီး ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် စာဖတ်ဝိုင်း ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး စောဂေဒိုစိုး (Book Club) အဖွဲ့ဝင်က စာအုပ်ပါအကြောင်းအရာတွင် ခေါင်းစဉ်ငယ်ဖြစ်သည့် စိတ်ပျော်အောင်နေ အသက်ရှည်၊ စိတ်တိုအသက်တို၊ စိတ်ရှည်အသက်ရှည်၊ သင်ကောင်းစားနေစဉ် ကျွန်ုပ်ကို သတိရပါ၏လော၊ နားသင့်သည့်အချိန်မှာ နားပါစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး (Book Club) အဖွဲ့ဝင် နော်ဘီးဘီက ဒူးဘာကြောင့်နာ၊ ခါးနာရောဂါ သတိပြုစရာ၊ ခါးဘာကြောင့်နာ၊ ခါးနာရောဂါ သက်သာစေနိုင်သည့် ဆေးနည်းတိုများ စသည့်အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များက စာအုပ်ပါ ကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
နော်နော်မူ