အင်္ဂပူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့ဝင်ဂိတ်များ၌ ကျန်းမာရေး စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်

အင်္ဂပူ စက်တင်ဘာ ၂၁

ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ မြို့ဝင်/မြို့ထွက် ဂိတ်များတွင် စစ်ဆေးရေးဂိတ်များ ထားရှိပြီး ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေးကို အဓိကထား၍ နေ့စဉ်နံနက် ၆ နာရီမှစတင်ကာ ကျန်းမာရေးဝန်ထမ်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များက အလေးထားကြပ်မတ် ဆောင်ရွက်ခြင်းအား ယ‌နေ့နံနက် ၉ နာရီက အင်္ဂပူမြို့နယ် ချောက်ရွာအဝင် စစ်‌ဆေးရေး ဂိတ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်မောင်ထွေး ဦးဆောင်သော တာဝန်ရှိသူများမှ ခရီးသွား မော်တော်ယာဉ်များပေါ်တွင် လိုက်ပါကြသူများ၊ အိမ်စီးကားများဖြင့် ဖြတ်သန်းသွားလာသူများကို အပူချိန် တိုင်းတာပေး ခြင်း၊ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေခြင်း၊ မော်တော်ယာဉ်များကို ခရီးသွားထောက်ခံစာများ ပါရှိမှသာလျှင် စစ်ဆေးရေးဂိတ်မှ ဖြတ်သန်းသွားလာခွင့်ပြုခြင်း၊ ဆိုင်ကယ်မောင်းနှင်သူများ၊ စက်ဘီးစီးနင်းသူများ၊ သုံးဘီးဆိုက်ကား မောင်းနှင်သူများကိုလည်း နှာခေါင်းစည်း စနစ်တကျ တပ်ဆင်စေခြင်းဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေ ရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အင်္ဂပူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်၊ ညွှန်ကြားချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်ကြရန်နှင့် ရောဂါဖြစ်ပွားမှု၊ ကူးစက်မှု၊ သေဆုံးသူများလည်း ရှိနေသည့်အတွက် ကိုဗစ်-၁၉ ရောဂါကို မိမိကစ၍ ကာကွယ်ရန်လိုအပ်ကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရန်  ကျန်းမာရေးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကျေး အုပ်ချုပ်ရေး မှူးများ၊ လူမှုရေးအသင်းအဖွဲ့ များမှ ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

မန်းကျော်(ပြန်/‌ဆက်)