ထားဝယ် နိုဝင်ဘာ ၃၀
ဒီဇင်ဘာအားကစားလစုပေါင်းလမ်းလျှောက်ပွဲနှင့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက ဒီဇင်ဘာအားကစားလစုပေါင်းလမ်းလျှောက်ပွဲကို ယခင်နှစ်များက နှစ်စဉ်နှစ်တိုင်းပြုလုပ်ကျင်းပလာခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မကျင်းပခဲ့ခြင်းဖြစ်ကာ ယခုအခါတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများအတွက် ပြိုင်ပွဲများကိုလည်းပြုလုပ်ကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ လမ်းလျှောက်ပွဲကျင်းပပြီးစီးသွားပါက စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးအစီအစဉ်ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး စုပေါင်းအားကစားလှုပ်ရှားမှုအထိမ်းအမှတ်အဖြစ် အားကစားကွင်းအတွင်း အပတ်စဉ်ပြေးခုန်ပစ်ပြိုင်ပွဲများနှင့် လွန်ဆွဲပြိုင်ပွဲများကိုပါ ကျင်းပပြုလုပ်ပေးသွား မည်ဖြစ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် အားကစားကဏ္ဍများနှင့်ပတ်သက်၍ တွေ့ကြုံရသောအခက်အခဲများအား ရင်းနှီးပွင့်လင်းစွာဖြင့် တင်ပြဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က အားကစားလုပ်ငန်းများကို တစ်မျိုးသားလုံးစုပေါင်းလှုပ်ရှားမှုအသွင်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်၊ တစ်မျိုးသားလုံး၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုး၍ အရည်အချင်းနှင့်ပြည့်ဝသော လူတော်လူကောင်းများဖြစ်လာစေရန်၊ လူငယ်မောင်မယ်များဘက်စုံဖွံ့ဖြိုး၍ အရည်အချင်းနှင့်ပြည့်ဝသော လူတော်လူကောင်းများဖြစ်လာစေရန်၊ နိုင်ငံတော်၏ အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရန် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးဦးတည်ချက်အား ပီပီပြင်ပြင်အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ချက်များဖြင့်ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသူများက လုံခြုံရေး၊ ကျန်းမာရေး၊ သတင်းထုတ်ပြန်ရေး၊ ဧည်ခံကျွေးမွေးရေး၊ ကြိုဆိုနေရာချထားရေး၊ ပို့ဆောင်ရေး စသည့်တို့ကိုရှင်းလင်းဆွေးနွေးရာ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)