ပုသိမ် နိုဝင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး စီးပွားဖွံ့ဖြိုးမှုမြှင့်တင်ရေး၊ စပါးခွံလောင်စာတောင့် တိုးမြှင့်ထုတ်လုပ်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ စပါးခွံလောင်စာတောင့်စက်ရုံ လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးအတွင်း၌ စပါးခွံလောင်စာ တောင့် စက်ရုံ ၂၃ ရုံရှိပါကြောင်း၊ လုပ်ငန်းသုံးနှင့် ချက်ပြုတ်ရန်အတွက် ထုတ်လုပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း နှစ်စဉ်မိုးစပါးနှင့် နွေစပါးတင်း စုစုပေါင်း သိန်း(၄၀၀၀)ခန့် ထွက်ရှိပြီး ကြိတ်ခွဲရာမှ ထွက်ရှိသော စပါးခွံတန်ချိန်ပေါင်း(၁၈)သိန်းကျော် ရရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း မြို့ပြနေလူဦးရေ (၁၅%)၊ ကျေးလက်နေ လူဦးရေမှာ(၈၅%)ရှိပြီး လူဦးရေအများဆုံးနေထိုင်သည့် ကျေးလက်ဒေသတွင် ထင်းနှင့်မီးသွေးများကို အများဆုံး အသုံးပြုကြသည့်အတွက် ရေရှည်တွင် သစ်တောပြုန်းတီးမှုအား ကာကွယ်နိုင်ရေး ထင်းအစားထိုးလောင်စာများ ထုတ်လုပ်ရန် လိုအပ်ပါကြောင်း၊ စပါးခွံလောင်စာ အသုံးပြုလျှပ်စစ် ထုတ်လုပ်ခြင်းနှင့် လောင်စာတောင့် ထုတ်လုပ်နိုင်သဖြင့် စပါးခွံများ စွန့်ပစ်ခြင်းကြောင့် မြစ်၊ချောင်း တိမ်ကောမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအား ကာကွယ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဆန်စက်များတွင် လောင်စာတောင့် ထုတ်လုပ်သည့် စက်များကို တပ်ဆင်ဆောင်ရွက်ခြင်းဖြင့် ကုန်ကျစရိတ်သက်သာပြီး ကုန်ထုတ်လုပ်မှု ပိုမိုတိုးတက်လာမည် ဖြစ်ပါကြောင်း၊ လောင်စာတောင့် ထုတ်လုပ်ရာတွင် Gasifier အသုံးပြုထုတ်လုပ်နိုင်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စပါးခွံကုန်ကြမ်း လုံလောက်စွာ ထွက်ရှိပြီး လုပ်ငန်းရှင်များအနေဖြင့် လောင်စာတောင့် ထုတ်လုပ်ရာတွင် အကျိုးအမြတ် အထိုက်အလျောက် ရရှိနေသည်ကို တွေ့ရှိရသည့်အတွက် တိုးချဲ့ဆောင်ရွက် သွားကြရန်နှင့် အရင်းအနှီးလိုအပ်ချက်များအပေါ် တင်ပြပေးသွားမည် ဖြစ်ပါကြောင်း ” ပြောကြားသည်။
ဆက်လက်၍ အစိုးရအဖွဲ့ဝင်ဝန်ကြီးများက သဘာဝသယံဇာတအရင်းအမြစ် သုံးစွဲမှု လျော့ပါးရေးအတွက် စပါးခွံလောင်စာတောင့် တိုးမြှင့်ထုတ်လုပ်ရေးကိစ္စအား အသီးသီးရှင်းလင်း ပြောကြားပြီးနောက် တိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် စပါးခွံလောင်စာတောင့် ထုတ်လုပ်နေသည့် လုပ်ငန်းရှင်များ၏ အထွေထွေ ဆွေးနွေးတင်ပြချက်ချက်များနှင့် လုပ်ငန်းလိုအပ်ချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကဝါးနှင့်စက်မှုကုန်ကြမ်း သစ်မာ စိုက်ခင်းများ တိုးမြှင့်စိုက်ပျိုးထုတ်လုပ်နိုင်ရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “သာပေါင်းစက္ကူစက်ရုံနှင့် သတင်းစာ စက္ကူစက်ရုံ တို့အား ပြန်လည် လည်ပတ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စက်ရုံအတွက် လိုအပ်သည့် ကုန်ကြမ်းများဖြစ်သည့် ဝါးနှင့်သစ်မာများ တိုးချဲ့စိုက်ပျိုးသွားရန်ခွင့်ပြုချထားပေးလျှက် ရှိပါကြောင်း၊ ဝါးနှင့်သစ်မာ စိုက်ပျိုးရာတွင် အောင်မြင် ဖြစ်ထွန်းနေသည့် လုပ်ငန်းရှင်များကလည်း တိုးချဲ့စိုက်ပျိုးနိုင်ရေး တင်ပြဆွေးနွေး ပေးစေလိုပါကြောင်း” ပြောကြားသည်။ ဆက်လက်၍ သယံဇာတ ရေးရာဝန်ကြီးက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ဆွေးနွေးတင်ပြပြီးနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် လုပ်ငန်းရှင်များက တစ်ဦးချင်း မိတ်ဆက်ပြီး ဝါးနှင့်သစ်မာစိုက်စိုက်ပျိုးထားရှိမှု အခြေအနေများအား ဆက်လက် ဆွေးနွေး တင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ပြီး ဆွေးနွေးပွဲသို့တက်ရောက်လာသည့် လုပ်ငန်းရှင်များ၏ အထွေထွေဆွေးနွေးတင်ပြချက်များနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်ချက်များအပေါ် ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)