ထားဝယ်မြို့တွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (၁၆/၂၀၂၂) ဆင်းပွဲအခမ်းအနားကျင်းပ

ထားဝယ် နိုဝင်ဘာ ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ဒေသခံပြည်သူလူထုများအတွက် အလုပ်အကိုင်အခွင့်လမ်းများရရှိစေရန်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများတိုးတက်လာစေရန်အတွက် သက်မွေးဝမ်းကျောင်းပညာပေးသင်တန်းများ ဖွင့်လှစ်ပို့ချလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် ထားဝယ်မြို့၊ အလယ်ကုန်းကျေးရွာဓမ္မာရုံ၌ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း (၁၆/၂၀၂၂)ဆင်းပွဲအခမ်အနားကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးမှူး ဦးမျိုးမြင့်နိုင်က အလုပ်အကိုင်အခွင့်အလမ်းများနှင့် စွန့်ဦးတီထွင်လုပ်ငန်းများဖော်ဆောင်ရာတွင် အသေးစားလုပ်ငန်းများသည် အရေးကြီးသောအခန်းကဏ္ဍတွင်ပါဝင်ကြောင်း၊ ယခုသင်တန်းတွင် ဒေသထွက်ကုန်ကြမ်းများကိုအခြေခံ၍ Value Added ထုတ်လုပ်နည်းများအား သင်ကြားပို့ချခဲ့ကြောင်း၊ Value Add ထုတ်လုပ်ခြင်းဖြင့် မူလတန်းဖိုးထက်ပိုမိုမြင့်လာပြီး ဝင်ငွေပိုမိုတိုးတက်ရရှိလာမည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းမှရရှိသောနည်းပညာများဖြင့် လုပ်ငန်းများဆောင်ရွက်စေလိုပါကြောင်းပြောကြားပြီး တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးမှူး ဦးတင်အောင်ကျော်က စားသုံးသူ၏ အခွင့်အရေးများ၊စားသုံးသူ၏ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

သင်တန်းတွင် ဒေသအတွင်းပေါများစွာထွက်ရှိသော နာနတ်သီး၊ မန်ကျည်းသီး၊ သံပုရာသီး၊ သရက်သီး၊ ရှောက်သီး၊ သင်္ဘောသီး၊ ခရမ်းချဉ်သီးတို့ကိုအခြေခံ၍ နာနတ်သီးဖျော်ရည်၊ မန်ကျည်းဖျော်ရည်၊ သံပုရာဖျော်ရည်၊ နာနတ်သီး (Syrup)၊ သရက်သီးယို၊ ခရမ်းချဉ်သီးယို၊ ရှောက်တလုံးယို၊ သင်္ဘောသီးယိုနှင့် သစ်သီးဂျယ်လီ စသည့်ထုတ်လုပ်မှုနည်းများအား ဒေသခံသင်တန်းသား(၂၀)ဦးအား နိုဝင်ဘာ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ စာတွေ့လက်တွေ့လေ့ကျင့်သင်ကြားပို့ချပေးခဲ့ပြီး တန်းဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်နည်းများအပြင် လုပ်ငန်း(၁)ခုထူထောင်လုပ်ကိုင်ဆောင်ရွက်ခြင်း၊ ဈေးကွက်နှင့်ချိတ်ဆက်ခြင်း၊ မှတ်ပုံတင်ဆောင်ရွက်ပေးခြင်း၊ Good Manufacturing Practice (GMP) Good Hygienic Practice (GHP) တို့ကိုလည်း တာဝန်ရှိသူများကပို့ချခဲ့ကြောင်း သတင်းရရှိသည်။

ငွေဇင်ယော်