အုတ်တွင်း နိုဝင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကန်ကလေးတောရရွှေကျင်ကျောင်း စာသင်တိုက်ဖွင့်လှစ်ခြင်း နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်ပူဇော်ပွဲနှင့် အသက်(၇၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ကန်ကလေးတောရရွှေကျင်ကျောင်းစာသင်တိုက် ဆရာတော်အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တခေမာစာရ၏ ဦးဆောင်မှုဖြင့် ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပသည်။
ရှေးဦးစွာ အုတ်တွင်းမြို့ကန်ကလေးတောရရွှေကျင်ကျောင်း စာသင်တိုက်ကြီး၏ စတုတ္ထမြောက် ပဓာနနာယက ဆရာတော်အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တခေမာစာရထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး စာသင်တိုက်ဖွင့်လှစ်ခြင်း နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်ပူဇော်ပွဲကျင်းပရေး ဗဟိုကော်မတီအကျိုးတော် ဆောင်သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တခေမိက (ပဲနွယ်ကုန်းမြို့ သာသနာ့ပဇ္ဇောတာရုံ ကျောင်းတိုက်ဆရာတော်)က ပူဇော်ပွဲကျင်းပရခြင်းအကြောင်းလျှောက်ထားသည်။ ထို့နောက် အလှူရှင်များမှ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြပြီး ညောင်လေးပင်နယ် တောရရွှေကျင်ဂိုဏ်းဝိနည်းစာပြန်ဌာန အကျိုးတော်ဆောင်အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသ(ညောင်လေးပင်မြို့တောရကြီးကျောင်းတိုက်ဆရာတော်)က အနုမောဒနာတရားဟောကြား၍ ရေစက်သွန်းချအမျှဝေကြသည်။
အခမ်းအနားအပြီးတွင် အုတ်တွင်းမြို့ပေါ်(၆)ရပ်ကွက်နှင့် အုန်းပင်ကျေးရွာမှအသက်(၇၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၅၀၄ ဦးအား စာသင်တိုက်ဖွင့်လှစ်ခြင်းနှစ်(၁၀၀)ပြည့်အထိမ်းအမှတ်အဖြစ် တစ်ဦးလျှင် နှစ်သောင်းကျပ်နှုန်းဖြင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းနှင့် စာသင်တိုက်နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်ပွဲကို နိုဝင်ဘာ ၃၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ပူဇော်ပွဲကျင်းပရေး ဗဟိုကော်မတီအကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တခေမိကထံမှ သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)