ဖားဆောင်း နိုဝင်ဘာ ၂၉
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှကျောင်းသား၊ ကျောင်းသူများအား ပညာကိုကြိုးစားအားထုတ်မှု ပိုမိုတိုးပွားလာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြောက်ပိုင်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမဆောင်တွင် ဆက်လက်ကျင်းပသည်။
လူရည်ချွန်ရွေးချယ်ပြိုင်ပွဲကို နိုဝင်ဘာလ ၂၈ ရက်နေ့က နံနက်ပိုင်းတွင် မြန်မာစာဘာသာရပ်၊ ညနေပိုင်းတွင် အင်္ဂလိပ်စာဘာသာရပ်ဖြေဆိုခဲ့ပြီး ယနေ့တွင် အထွေထွေဘာသာရပ်နှင့် ညနေပိုင်းတွင် နှုတ်ဖြေလူတွေ့စစ်ဆေးခြင်းများကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါလူရည်ချွန်မြို့နယ်အဆင့်ပြိုင်ပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ Grade-11မှ (၄)ဦး၊ Grade-10 မှ(၈)ဦး၊ Grade-9 မှ (၈)ဦးစုစုပေါင်း(၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် မီတာ(၁၀၀)၊ မီတာ(၂၀၀)၊ မီတာ(၄၀၀)တာဝေးအပြေးပြိုင်ပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ၎င်းတို့အနက်မှ သတ်မှတ်အရည်အချင်းနှင့် ပြည့်မီသူများကိုရွေးချယ်၍ ခရိုင်အဆင့်၊ ပြည်နယ်အဆင့်သို့ ဆက်လက်ပြီးသွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)