ဒေးဒရဲ နိုဝင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဒေသဖွံဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ရပ်ရွာအေးချမ်း သာယာရေးအတွက် လုံခြုံရေးအထူးဂရုပြုကြရန်၊ ပြည်ထောင်စုဘတ်ဂျက်၊ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ကျေးလက် မီးလင်းရေး လုပ်ငန်းများအား အချိန်မီပြီးစီးရေး အနီးကပ်ကြီးကြပ် ဆောင်ရွက်သွားရန်၊ မြို့ပေါ်နှင့် ပတ်ဝန်းကျင်လမ်းဘေးဝဲယာတစ်လျှောက် သန့်ရှင်းသာယာရေး ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ပြီး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမွန်မြတ်သူစိုးက ရပ်ရွာ အေးချမ်းသာယာရေး လုံခြုံရေး ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပြည်သူများ တင်ပြလာသော အခက်အခဲများအား သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပေးမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
အေဇာလင်း