ဒေးဒရဲမြိုနယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဒေးဒရဲ နိုဝင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာချင်းဆက် ကုန်ထုတ်လမ်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက တော်ကမယ်၊ အစိပ်တော်ကမံ၊ ကျုံဒူးမြောက်၊ တော်ဖရုံ၊ ကုလားကုန်းတန်း စသည့် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့နယ်ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးနန္ဒာစိုးက လုပ်ငန်းဆောင်ရွက်ထားမှုများကို လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။

(၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် အဆိုပါလမ်းကို တိုင်းဒေသကြီးရံပုံငွေမှ ငွေကျပ်(၃၁၀.၂၅)သန်း ဖြင့် ကျေးလက်လမ်းဦးစီးဌာနက အရှည်(၀/၅.၄)မိုင်၊   အကျယ်(၁၄) ပေ၊ ထု(၇)လက်မရှိ ကျေးရွာချင်းဆက် ကုန်ထုတ် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းမီစွာဖြင့် သတ်မှတ်ရက် အတွင်း ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာချင်းဆက်ကွန်ကရစ်လမ်း ပြီးစီးပါက တော်ကမယ်၊ အစိပ်တော်ကမံ၊ ကျုံဒူးမြောက်၊ တော်ဖရုံ၊ ကုလားကုန်းတန်းစသည့် ကျေးရွာအုပ်စုများရှိ ပြည်သူများအနေဖြင့် ရာသီအချိန်မရွေး သွားလာနိုင်၍ ဒေသထွက်ကုန်များကို ကုန်လမ်းခရီးဖြင့် သယ်ယူပို့ဆောင် နိုင်မည်ဖြစ်ပြီး ကျေးရွာပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။

အေဇာလင်း