ကျွန်းစု နိုဝင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အဖွဲ့၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက ယာဉ်မတော်တဆ ထိခိုက်မှုအန္တရာယ်ကြောင့် ပြည်သူတို့၏ အသက်နှင့် လူမှုစီးပွားဘဝဆုံးရှုံးမှုများ၊ ဒဏ်ရာရမှုများ လျော့နည်းကျဆင်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိရှိလိုက်နာနိုင်ရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး ကျွန်းစုမြို့မစခန်းမှူး ဒုရဲမှူးစံလှက မော်တော်ယာဉ် မောင်းနှင်သူများနှင့် လိုက်ပါစီးနှင်လာသူများ လိုက်နာရမည့်စည်းကမ်းများကို ပညာပေးကာလအဖြစ် သတ်မှတ်၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပညာပေးကာလကျော်လွန်ပါက အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကာ တက်ရောက်လာသည့် ဌာနဆိုင်ရာများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လိုက်နာရမည့်အချက်များအား ကွင်းဆင်း၍ ပညာပေးမည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)