ပိုင်ကျုံ နိုဝင်ဘာ ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဌာနတွင် အသက် ၂ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်တို့အား ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေးခြင်းလုပ်ငန်းကို လစဉ်ထိုးနှံပေးခဲ့သည်။
နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ပိုင်ကျုံမြို့နယ်အတွင်းရှိ မွေးစမှ အသက်နှစ်နှစ်အထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များတို့အား ဘီစီဂျီဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန် အဆုတ်ရောင် (ပီစီဗွီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေး များကိုလည်း တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်သည့်အပြင် အသက်(၉)လမှ (၅) နှစ်အထိ ကလေးငယ်များအား ဝက်သက်ရောဂါဖြစ်ပွားမှုမှ ထိရောက်စွာကာကွယ်နိုင်ရေးအတွက် အပိုဆောင်းကာကွယ်ဆေးကိုလည်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံရာတွင် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နော်ခူး (ပြန်/ဆက်)