ပဲခူး နိုဝင်ဘာ ၂၉
ပဲခူးမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပဲတီစိမ်းစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ပဲခူးမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စုရှိ ကျေးရွာဓမ္မာရုံ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးခရိုင်စိုက်ပျိုးရေးညှိနှိုင်းမှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်က လယ်ယာစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ပဲတီစိမ်းစိုက်ပျိုးသော တောင်သူများအတွက် (၁)ဧကလျှင်(၁၂၀၀၀ဝိ/-)ကျပ်နှုန်းဖြင့် လိုအပ်လျက်ရှိသော သွင်းအားစုများဖြစ်သည့် မြေဩဇာနှင့်ပိုးသတ်ဆေးရရှိရေး ထောက်ပံ့ဆောင်ရွက်ပေးခြင်း၊ သွင်းအားစုတန်ဖိုးနှင့်ညီမျှသော ပဲတီစိမ်းများအား တောင်သူများက ပြန်လည်ရောင်းချ ပေးဆပ်ခြင်းအပါအဝင် ပံ့ပိုးဆောင်ရွက်ပေးမည့်အခြေအနေများအားလည်းကောင်း၊ ပဲခူးမြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထွန်းအောင်ကျော်က နိုင်ငံ့စီပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူစိတ်ကြိုက်သွင်းအားစုများ ထောက်ပံ့ပေးနိုင်ရေး မြေပြင်ကွင်းဆင်း၍ စနစ်တကျစာရင်းကောက်ယူထားရှိပြီးဖြစ်ကြောင်း၊ ကျေးရွာအလိုက် တောင်သူအစုအဖွဲ့များဖွဲ့စည်း၍ ထောက်ပံ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တောင်သူလယ်သမားအစုအဖွဲ့ ဖွဲ့စည်းရာ၌ သမဝါယမအသင်းတွင်ပါဝင်သည့် တောင်သူများအား ထည့်သွင်းဖွဲ့စည်းခွင့်မပြုကြောင်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးယူထားသော နှစ်ဟောင်းကြွေးကျန်ကင်းရှင်းသည့် တောင်သူများကို ဦးစားပေးရွေးချယ်သွားမည်ဖြစ်ကြောင်း၊ တောင်သူများထံမှ သွင်းအားစုတန်ဖိုးငွေအပါအဝင် ဝန်ဆောင်မှုစရိတ်(၁)% နှင့်ညီမျှသော သီးနှံများကို ကာလပေါက်ဈေးအတိုင်း သီးနှံပေါ်ချိန်တွင် ပြန်လည်ဝယ်ယူနိုင်ရေး စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်နှင့်မြို့နယ်စိုက်ပျိုးရေး ညှိနှိုင်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် တောင်သူများက သိရှိလိုသည်များကို တင်ပြကြရာ ခရိုင်/ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှု ကြီးကြပ်ရေးအဖွဲ့မှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)