စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ဖူဆယ်ဒိုင်လူကြီးသင်တန်းဆင်းပွဲ အခမ်းအနားနှင့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး အမှတ်စဉ်(၁၀/၂၀၂၂)သို့ တက်ရောက်

မုံရွာ နိုဝင်ဘာ ၂၉

၂၀၂၂-ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ဖူဆယ်ဒိုင်လူကြီးသင်တန်း ဆင်းပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်း အတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာနှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေနဲ့ “အားကစား မြှင့်တင်ခြင်းသည် နိုင်ငံ၏ဂုဏ်ကို မြှင့်တင်တည်ဆောက်ခြင်းဖြစ်သည်၊ အားကစားအောင်နိုင် ခြင်းသည် နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကို တိုးတက်မြင့်မားစေသည်” ဟူသော ခံယူချက်ဖြင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေးကို အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ်ခံယူပြီး အထူးအားပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ဖူဆယ်ဘောလုံးအားကစားနည်းကို တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်တွေမှာ ကိုယ်ပိုင်ဖူဆယ် အားကစားကွင်းများ ပြုလုပ်ထားပြီး ကျယ်ကျယ်ပြန့်ပြန့် ကစားနေကြသည်ကိုလည်း အားလုံးအသိပဲဖြစ်ပါကြောင်း၊

ဖူဆယ်ဒိုင်လူကြီးအလုပ်သည် အပေါ်ယံအနေဖြင့် ကြည့်မယ်ဆိုရင် လွယ်သယောင်ရှိပေမဲ့ လက်တွေ့အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးမှာ အလွန်ခက်ခဲလှပါကြောင်း၊ ပြိုင်ဆိုင်မှုပြင်းထန်လှသည့် ယနေ့ခေတ် ဖူဆယ်ပြိုင်ပွဲများကို အမှားအယွင်းမရှိ ကျွမ်းကျင်စွာ ကိုင်တွယ်ကြီးကြပ်ရသည့် ဒိုင်လူကြီးတစ်ဦး၏ တာဝန်သည် အလွန်ကြီးလေးလှသလို ၎င်းတို့ အနေဖြင့် အရည်အသွေးကို အစဉ်တိုးတက်မြင့်မားနေအောင် ကြိုးစားအားထုတ် နေရန်လည်း လိုအပ်ပါကြောင်း၊

သင်တန်းသား/သင်တန်းသူများအနေဖြင့် မိမိတာဝန်ကျရာဒေသရှိ ဖူဆယ်ပြိုင်ပွဲများတွင် ပြည်သူလူထုက လက်ခံလာသည့် စည်းကမ်းစနစ်ပြည့်ဝပြီး ဥပဒေကိုနားလည် တတ်ကျွမ်းသည့် ဒိုင်လူကြီးကောင်းများအဖြစ် ကြိုးစားဆောင်ရွက်ရင်း စစ်ကိုင်းတိုင်းဒေသကြီး၏ ဂုဏ်ကိုဖူဆယ် အားကစားဖြင့် မြှင့်တင်နိုင်ကြရန် မှာကြားလိုပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းနည်းပြများထံ ဂုဏ်ပြုထောက် ပံ့ငွေကျပ် - သိန်းအား ပေးအပ်ပြီး သင်တန်းသား၊ သင်တန်းသူများထံ သင်တန်းဆင်း လက်မှတ်များ ပေးအပ်ကာ သင်တန်းနည်းပြတစ်ဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ ၂၀၂၂-ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ဖူဆယ်ဒိုင်လူကြီးသင်တန်းကို နိုဝင်ဘာလ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ ရက်သတ္တပတ်ကြာ သင်ကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ ၂၂ ဦး တက်ရောက်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု အားကစားအဖွဲ့များအား ဂုဏ်ပြု ချီးမြှင့်ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး အားကစားအဖွဲ့ အသင်းအုပ်ချုပ်သူထံ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၄၅ သိန်းအားပေးအပ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု အားကစားအသင်းများကိုယ်စား အုပ်ချုပ်သူတစ်ဦးက အားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစား သမားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၀/၂၀၂၂)သို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က မိုးပျံနဂါးကုမ္ပဏီမှ တည်ဆောက်ရေးကာလ ဒုတိယအကြိမ် တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့် အောက်တိုဘာလအတွင်း ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့မှုများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အဖွဲ့ဝင်များက ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြကြသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြ ချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)