မုံရွာ နိုဝင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း(အလုံ)တို့ ပူးပေါင်းပြီး လူငယ်များဘက်စုံဖွံ့ ဖြိုးတိုးတက်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်း ရွှေလုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲတွင် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိစေမည့် စာပေများကို ဖတ်ရှုလေ့လာရန်လိုကြောင်း၊ နောင်တစ်ချိန်တွင် နိုင်ငံနှင့် လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းရွက်လာကြရမည်ဖြစ်ပြီး ယခုအရွယ်မှစပြီး ဗလငါးတန်နှင့်ပြည့်စုံအောင်၊ နိုင်ငံနှင့် လူမျိုးကို ချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် အသိပညာ၊ အတတ်ပညာများကို လေ့လာဆည်းပူးကြစေလိုပါကြောင်း၊ မိမိဘဝတက်လမ်းအတွက် ရည်မှန်းချက်ထားပြီး အမြဲကြိုးစားကြရန် စသည်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဟောပြောခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)