နိဂြောဓာရုံ ဘုန်းတော်ကြီးကျောင်းတွင် စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်း​ဆောင်ရွက်

ဇလွန် နိုဝင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီတွင် လိန်ကုန်းကျေးရွာအုပ်စု နိဂြောဓာရုံဘုန်းတော်ကြီး ကျောင်းတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း​​ဆောင်ရွက်ခဲ့ ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးဝင်းလွင်ဦးနှင့် စစ်ကြောင်းကြီး ငါးကြောင်းမှ ဌာနဆိုင်ရာ တာဝန်ရှိသူများက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုအခြေအနေများ၊ ဌာနဆိုင်ရာများ ကကဏ္ဍအလိုက် ပြည်သူ့ဝန်ဆောင်မှု ဆောင်ရွက်နေမှုများ၊ ဆီထွက်သီးနှံ နေကြာတိုးချဲ့ စိုက်ပျိုးရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာ‌‌စေရေး အသိပညာပေး ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ စစ်ကြောင်းကြီးငါးကြောင်းက ဇလွန်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ဒေသခံပြည်သူများ၏ တင်ပြမှုများအပေါ် ပေါင်းစပ်ညှိ့နှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေယံ ဇလွန် (ပြန်/ဆက်)