မကွေးမြို့၊ မြို့တော်ခန်းမတွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အခမ်းအနားကျင်းပ

မကွေး နိုဝင်ဘာ ၂၉

၂၀၂၂ခုနှစ်၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသန့်စင်ကိုကို၊ တိုင်းဒေကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် အမျိုးသမီးကော်မတီဝင်များ၊ အမျိုးသမီးရေးကိုဆောင်ရွက်လျက်ရှိသော အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် အရပ်ဖက်အမျိုးသမီးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအခမ်းအနားကို ကျား/မဖြစ်ခြင်းကို အခြေခံပြီး ဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုများသည် လူ့အခွင့်အရေးချိုးဖောက်သော ကိစ္စရပ်များဖြစ်သည်နှင့်အညီ ဒေသန္တရအဆင့်၊ နိုင်ငံတော်အဆင့်၊ နိုင်ငံတကာအဆင့်များအလိုက် အသိအမြင်တိုးတက်လာစေရန်၊ နိုင်ငံတကာမှ ဆောင်ရွက်နေသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး လုပ်ငန်းများအား ပိုမိုရှင်းလင်းမြင်သာစေရန်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးကို တူညီစွာလုပ်ဆောင်မှုကို ဖော်ညွှန်းရန်နှင့် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုပပျောက်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှုများကို (၂၀၁၈) ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ဆောင်ပုဒ်အနေဖြင့် “အမျိုးသမီးများအပေါ်အကြမ်း ဖက်မှုအဆုံးသတ်ရေး အားလုံးစုပေါင်း လှုပ်ရှားပေး”ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေ (၅၁.၈၁) ရာခိုင်နှုန်းသည် အမျိုးသမီး များဖြစ်သည်နှင့်အညီ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် အမျိုးသမီးများအပေါ်အကြမ်းဖက်ခြင်းမှ ကာကွယ်ပေးခြင်းသည် နိုင်ငံသားများအားလုံးကို ကာကွယ်ပေးရာရောက်ပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီ အနေဖြင့် အမျိုးသမီး အခွင့်အရေးမြှင့်တင်ဆောင်ရွက်နိုင်ရန် မူဝါဒ(၄)ရပ်၊ လုပ်ငန်းတာဝန် (၁၂)ရပ် ချမှတ်ပြီး အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့် မဟာဗျုဟာစီမံကိန်း (၂၀၁၃-၂၀၂၂)ကို ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မိမိတို့မကွေးတိုင်းဒေသကြီးအမျိုးသမီး ကော်မတီအနေဖြင့်လည်း အမျိုးသမီးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြမ်းဖက်မှုခံရသည့် အမျိုးသမီးများအား ယာယီလက်ခံစောင့်ရှောက်ပေးသည့် One Stop Women Support Center (OSWSC) အဆောက်အဦတစ်ခု ဆောက်လုပ်နိုင်ရေး  စီမံချက်ရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ အသိပညာပေး ဗီဒီယိုကလစ်အား ပြသခဲ့ပြီး (၂၀၂၂)ခုနှစ်၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် နိုင်ငံတော်အဆင့်အလွတ်တန်းဆောင်းပါးပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသော စည်တော်မောင်(မကွေး)အား တိုင်းဒေသကြီးအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများက Zumba အကဖြင့် စုပေါင်းတင်ဆက်ကပြခဲ့ပြီးနောက် တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယက၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများက စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

ကိုစည်သူ(မကွေး)