အုတ်တွင်း စက်တင်ဘာ ၂၁
ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှု မြန်လာသည်နှင့် အမျှ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက် ရှိရာ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ/ရပ်ဖများ ပူးပေါင်း၍ ကိုဗစ်-၁၉ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခြင်းကို လူသွား လူလာ များသော ပဲခူးလမ်းရပ်ကွက်၊ နဝဒေးလမ်းတွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွား စေရေး အတွက် နေအိမ်ပြင်ပသို့ မဖြစ်မနေ သွားလာရပါက ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် အညီ သွားလာကြရန် အသိပညာပေး ခြင်းနှင့် နှာခေါင်းစည်း (Mask)များ မပါလာသူများကို အခမဲ့ ဖြန့်ဝေ တပ်ဆင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စည်သူ (ပြန်/ဆက်)