မုံရွာ နိုဝင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း(အလုံ)တို့ ပူးပေါင်းပြီး စားသုံးသူ အခွင့်အရေးများ သိရှိနားလည်သဘောပေါက်ပြီး စားသုံးသူအခွင့်အရေးများ အပြည့်အဝ ရရှိနိုင်စေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း(အလုံ)ရှိ ရွှေလုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း(အလုံ) ကျောင်းအုပ် ဆရာမကြီး ဒေါ်ချိုချိုစန်းက အဖွင့်အမှာစကား ပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်က စားသုံးသူကာကွယ်ရေးဆိုင်ရာ အနက်အဓိပ္ပာယ်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး (၈)ချက်နှင့် စားသုံးသူရဲ့ တာဝန်(၄)ချက်တို့ကို အကျယ်တဝင့် ရှင်းလင်းဟောပြောပြီး တက်ရောက်လာကြသည့် ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း(၂၅၀)ဦး၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့သည်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း(အလုံ)တွင် ချိတ်ဆွဲနိုင်ရန် စားသုံးသူရေးရာ အသိပညာပေး ဗီနှိုင်းပိုစတာကို ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုစန်းမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)