ဆိပ်ဖြူမြို့နယ်တွင် မိုးစပါးစိုက်ခင်းများရိတ်သိမ်း ယခင်နှစ်ထက် စပါးဈေးပိုမိုရရှိ

ဆိပ်ဖြူ နိုဝင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် မိုးစပါးစိုက်ခင်းများ ရိတ်သိမ်းလျက်ရှိပြီး ယခင်နှစ်ထက် စပါးဈေးပိုမိုရရှိကြောင်း စပါးစိုက်တောင်သူများထံမှ သိရှိရသည်။

ဆိပ်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက ဒေသဝမ်းစာဖူလုံရေး၊ မိသားစုဝင်ငွေတိုးပွားရေးအတွက် မိုးစပါးကို မြစ်ရေတင်စနစ်၊ ဆည်ရေသောက်စနစ်၊ ဆည်ငယ်/ကန်ငယ်၊ မိုးကောင်းသောက်နှင့် မြေအောက်ရေတင်စနစ်အစရှိသော စိုက်ပျိုးရေရရှိရေး နည်းလမ်းအသွယ်သွယ်တို့ဖြင့် ဆင်းသုခစပါးမျိုးနှင့် ဧရာမင်းစပါးမျိုးများကို အဓိက စိုက်ပျိုးဆောင်ရွက်ခဲ့ကြသည်။

ဆိပ်ဖြူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မိုးစပါးစိုက်ဧက ၁၀၂၀၀ ဧက စိုက်ပျိုးဆောင်ရွက်ခဲ့ကြပြီး လက်ရှိအချိန်တွင် တောင်သူတို့စိုက်ပျိုးဆောင်ရွက်ခဲ့သည့် မိုးစပါးများ စတင်ရိတ်သိမ်း ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းခြင်းကြောင့် ဒေသခံပြည်သူများအလုပ်အကိုင် အခွင့်အလမ်းများရရှိကြပြီး တောင်သူများအနေဖြင့် စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းသဖြင့် ယခင်နှစ်ထက် စပါးဈေးပိုမိုရရှိခြင်းကြောင့် တောင်သူတို့၏မိသားစု စားနပ်ရိက္ခာ ဖူလုံမှုများရှိပြီး မိသားစုဝင်ငွေများ ရရှိလျက်ရှိကြောင်း၊  ယခင်နှစ်မိုးစပါးစတင်ပေါ်ချိန်၌  ဆင်းသုခ စပါးတစ်တင်းလျှင် ၈၀၀၀ ကျပ်၊ ဧရာမင်းစပါးတစ်တင်းလျှင် ၁၀၀၀၀ ကျပ်သာ ရှိခဲ့ပြီး ယခုနှစ်၌ မိုးစပါးတစ်ဧကလျှင် စိုက်ပျိုးမြေပြင်၊ စိုက်ပျိုး၊ ရိတ်သိမ်းစရိတ် ကျပ်သုံးသိန်းဝန်းကျင်ခန့်ကုန်ကျကာ စပါးတင်း ၉၀ ခန့်ထွက်ရှိပြီး ဆင်းသုခ စပါးတစ်တင်းလျှင် ၁၂၀၀၀ ကျပ်မှ ၁၄၀၀၀ ကျပ်အထိ၊ ဧရာမင်းစပါး တစ်တင်းလျှင် ၁၃၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိဈေးရရှိကြောင်း၊ စပါးဝယ်ယူသူများအနေဖြင့် လက်ရှိမှာ ဆင်းသုခ စပါးများ အရောင်းအဝယ်ပိုသွက်ကြောင်း မိုးစပါးစိုက်တောင်သူများထံမှ သိရသည်။    

စိုးလင်းနိုင်(IPRD)