ဝါးခယ်မမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲပြသ

ဝါးခယ်မ  နိုဝင်ဘာ  ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ပိတ္တာလေးကျေးရွာ အ.ထ.က ကျောင်း အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲပြသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲကို ကျုံမငေးနယ်မြေ မီးသတ်စခန်းနှင့် အ.ထ.က ပိတ္တာလေးကျောင်းတို့ ပူးပေါင်း၍ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆိုင်ရာနည်းလမ်းများ၊ မီးလောင်လျှင် ရှေ့ဦးမီးငြှိမ်းသတ်နည်းဆိုင်ရာနည်းလမ်းများ၊ မီးသတ်ဆေးဗူးအသုံးပြုပုံ၊ ထင်းမီးများသုံးစွဲရာတွင် စနစ်တကျသုံးစွဲရန်၊ မီးချိတ်မီးကပ်၊ သဲပုံး၊ ရေပုံးများထားရှိရန် စသည့်အကြောင်းအရာများအား ဟောပြော၍ မီးငြှိမ်းသတ်ခြင်းကို ကျောင်းသား၊ ကျောင်းသူများ ကိုယ်တိုင် လက်တွေ့သရုပ်ပြ ငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း

ဝါးခယ်မ(ပြန်/ဆက်)