ကရင်ပြည်နယ် ၊ ဘားအံမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် လူငယ်နှင့်စာပေ စကားဝိုင်း ကျင်းပ

ဘားအံ နိုဝင်ဘာ ၂

ကရင်ပြည်နယ်၊ ဘားအံမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း(ဘားအံ)တွင် ကရင်တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် ရိုးရာဂျပ်ခုတ်ပညာ၊ စက်ချုပ်ပညာများအပြင် အမှားအမှန် ဝေဖန်ခွဲခြားနိုင်ပြီး စာပေဖတ်ရှုဆွေးနွေးသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍  လူငယ်နှင့်စာပေ စကားဝိုင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဘားအံခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက “ လူ့လောကတွင် စာတက်ဖို့သာမက ပညာတတ်ဖို့ အရေးကြီးပါကြောင်း ၊ ဘဝမှာ စာတတ် ၊ အတန်းအောင် ၊ ဘွဲ့ရရုံနှင့် အလုံးစုံပြည့်စုံပြီးလို့ မဆိုနိုင်ကြောင်းနှင့် ဘဝတစ်လျှောက်လုံး ကျန်းကျန်းမာမာ အသက်ရှည်ရှည် ၊ အဆင်ပြေပြ နေနိုင်ဖို့ အတွက် အသိပညာ ဗဟုသုတ ပြည့်စုံဖို့လိုပါကြောင်းနှင့် စဉ်းစားတွေးခေါ် ဆင်ခြင်တတ်ဖို့ ၊ အမှားအမှန် ခွဲခြား သိမြင်တတ်ဖို့အတွက် စာအုပ်စာပေဖတ်ရှုရန် လိုအပ်ပါကြောင်း” လူငယ်နှင့် စာပေစကားဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍  အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း(ဘားအံ)မှ သင်တန်းသူ မသဲအိမွန်က စာရေးဆရာအောင်သင်း ရေးသားထားသည့် နှလုံးသားကိုလေးပေါ်တင်၍ ပစ်သောအခါ စာအုပ်တွင် ပါဝင်သည့်  နှလုံးသားကိုလေးပေါ်တင်၍ ပစ်သောအခါ ၊ မိဘကိုယ်စား၊ သင်တန်းသူ မယမင်းဦးက နေမကောင်း၍ အနားယူရခြင်း ၊ လိမ္မာရေးခြား ဆိုစကား ၊ သင်တန်းသူ နော်သဘလေးဖောက ဝန်ကြီးသေတော့ တစ်ကျပ် ၊ ပေးတဲ့ဆုနှင့်ပြည့်ပါစေ ၊ သင်တန်းသူ နော်ဝေဝေလင်းမှ ကုသိုလ်လိုလိုဘာလိုလို ၊ ဖတ်ဖို့ ကျင့်ဖို့ ၊ ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့ဝင် မြတ်နိုးအိမ် (ဇွဲကပင်)က လူငယ်နှင့်သည်းခံမှု ၊ စာတတ်ဖို့ စာဖတ်ဖို့ စသည့် ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးခဲ့ကြပြီး သင်တန်းသူများမှ သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးကြရာ ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်ဥက္ကဋ္ဌ ဆရာဦးသောင်းထွန်းနှင့် အဖွဲ့ဝင်မောင်လူဝိုင်းတို့က ဖြည့်စွက်ဆွေးနွေး၊ ဖြေကြားခဲ့ကြကြောင်း သိရသည်။

အဆိုပါ လူငယ်နှင့် စာပေစကားဝိုင်းသို့ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း(ဘားအံ)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ သင်တန်းသူများ ကရင် ပြည်နယ် စာကြည့်တိုက်ဖောင်ဒေးရှင်းမှဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင် ( ပြန်/ဆက် )