သရက်ချောင်းမြို့နယ်တွင် ၂၀၂၂–၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေးဖြေ စာမေးပွဲကျင်းပ

သရက်ချောင်း  နိုဝင်ဘာ  ၂၉

နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်၍ အကျင့်စာရိတ္တ ကောင်းမွန်သော လူတော်၊ လူကောင်းများ ပေါ်ထွန်းလာရေးအတွက် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၂–၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေးဖြေစာမေးပွဲက ယမန်နေ့မှစတင်၍ ဖြေဆိုရာ ယနေ့ နံနက် ၉ နာရီ အချိန်က သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် (၂) ရက် မြောက်နေ့အဖြစ် ရေးဖြေဖြေဆိုခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းဌေးက လူရည်ချွန် ကျောင်းသား/ကျောင်းသူများ ရွေးချယ်ရေးအတွက် ချမှတ်ထားသော စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများ၊ ရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန်တို့နှင့်အညီ တာဝန်ရှိသူ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး ရွေးချယ်ရေးဖြေ စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေ ဗဟုသုတ၊ လူတွေ့၊ နှုတ်ဖြေ၊ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှု စစ်ဆေးခြင်းတို့ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

ရွေးချယ်ရေးစာမေးပွဲတွင် မြို့နယ်အဆင့် အခြေခံပညာကျောင်းများမှ Grade–9 မှ ကျောင်းသား/သူ (၃၁)ဦး၊ Grade–10 မှ ကျောင်းသား/သူ (၁၅) ဦး၊ Grade–11မှ ကျောင်းသား/သူ (၈)ဦး စုစုပေါင်း (၅၄)ဦးတို့ဖြင့် နိုဝင်ဘာ ၂၈ ရက်နေ့မှ နိုဝင်ဘာ ၃၀ရက်နေ့အထိ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သရက်ချောင်းမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

သားကြီး(သရက်ချောင်း)