ပွင့်ဖြူမြို့မစည်ပင်သာယာဈေးတွင် ဈေးရုံအဆောက်အအုံသစ် ပြုပြင်တည်ဆောက်နိုင်ရန် မူလဈေးရုံ ဟောင်းအဆောက်အအုံ ဖျက်သိမ်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်းစစ်ဆေး

ပွင့်ဖြူ နိုဝင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစည်ပင်သာယာဈေးကြီးတွင် ဈေးသူ ဈေးသားများ သန့်ရှင်းသပ်ရပ်စွာဖြင့် ဈေးရောင်းဈေးဝယ်ပြုလုပ်နိုင်ရန်နှင့် ဈေးရုံအဆောက်အဦ ကြံ့ခိုင်ကောင်းမွန်စေရန်ရည်ရွယ်၍ ဈေးရုံအသစ် ပြုပြင်တည်ဆောက်နိုင်ရေးအတွက် မူလရှိ ဈေးရုံ အဆောက်အအုံဟောင်းအား ဖျက်သိမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ ကွင်းဆင်းစစ်ဆေးရာ၌ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် တာဝန်ခံအင်ဂျင်နီယာများက မြို့မစည်ပင်သာယာဈေးကြီး၌ ဈေးရုံအသစ်ပြုပြင်တည်ဆောက်နိုင်ရေး ဈေးရုံဟောင်းအဆောက်အအုံ ဖျက်သိမ်းဆောင်ရွက် နေမှုလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးပြီး အလုပ်သမားများ ဘေးအန္တရာယ်မဖြစ်စေရေး စနစ်တကျ လုပ်ကိုင်ကြရန်နှင့် ဖျက်သိမ်းပြီးသည့် ဈေးရုံဟောင်းအဆောက်အအုံပစ္စည်းများ စနစ်တကျ ထိန်းသိမ်းထားရှိရေး၊ ဈေးသည်များ အဆင်ပြေစွာဈေးရောင်းချနိုင်ရေး ယာယီနေရာချထားပေးရန်ကိစ္စရပ်များနှင့် ဈေးဝန်းကျင် သန့်ရှင်းသာယာလှပရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားခဲ့သည်။

ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့မစည်ပင်သာယာဈေး အတွင်းရှိ ဈေးသူဈေးသားများ သန့်ရှင်းသပ်ရပ်စွာဖြင့် စနစ်တကျ ဈေးရောင်းဈေးဝယ် ပြုလုပ်နိုင်ရေးအတွက် ဈေးရုံအမှတ်(၆) အလျား ၁၃၆ ပေ ၊ အနံ ၂၂ ပေရှိ ဈေးရုံဟောင်း အဆောက်အဦအား ဖျက်သိမ်းပြီး ဌာန၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံ ငွေကျပ် ၄၅ သန်းဖြင့် ဈေးရုံအသစ်ပြန်လည်ပြုပြင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရပြီး အဆိုပါ ဈေးရုံအဆောက်အဦ တည်ဆောက်ခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဦးဇော်မင်းဦး၏ ကြီးကြပ်မှုဖြင့် တာဝန်ယူ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဈေးရုံအဆောက်အဦအသစ် ပြုပြင်တည်ဆောက်နေစဉ်ကာလ ဈေးသူဈေးသားများ အဆင်ပြေစွာ ဈေးရောင်းဈေးဝယ်ပြုလုပ်နိုင်ရန် ယာယီဈေးဆိုင်ခန်းများ နေရာစီစဉ် သတ်မှတ်ပေးထားကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။    

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )