ဝေါမြို့နယ်တွင် မြေပြင်လူဦးရေစာရင်းတိုက်ဆိုင်စစ်ဆေး ကောက်ယူခြင်းလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

ဝေါ နိုဝင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊  ဝေါမြို့နယ်တွင် မြေပြင်လူဦးရေစာရင်းတိုက်ဆိုင်စစ်ဆေးကောက်ယူခြင်းလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးအား ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် လူဦးရေစာရင်းများတိကျမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်းတိုက်ဆိုင်စစ်ဆေးကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန် မြေပြင်တိုင်ဆိုင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားမည့်လုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဝင်းဇော်ဦးက ရပ်ကွက်/ ကျေးရွာ လူဦးရေစာရင်းတိကျမှန်ကန်ရေး မြေပြင်ကွင်းဆင်းစစ်ဆေးရေးလုပ်ငန်းများ ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများက သိလိုသည်များညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်အကြီးအကဲများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)